အာဖရိက ၅၄ နိုင်ငံအနက် ၂၅ နိုင်ငံကို ကူးစက်နေပြီဖြစ်သော COVID-19 ဗိုင်းရပ်စ် ထိန်းချုပ်ရေးအတွက် အာဖရိကနိုင်ငံအများအပြားသည် ကန့်သတ်ချက်များ ချမှတ်တုံ့ပြန်လျက်ရှိသည်။
တောင်အာဖရိက၊ ကင်ညာ၊ ဆီနီဂေါ၊ မော်ရီတေးနီးယားတို့တွင် ခရီးသွားလာခွင့်များ ကန့်သတ်၊ ကျောင်းများ ပိတ်ထားပြီဖြစ်သည်။ တောင်အာဖရိက သမ္မတ ခရီ ရာမာဖိုဆာက COVID-19 အရေးပေါ်အခြေအနေ ကြေညာထားသည်။ COVID-19 ပြန့်ပွားနေသည့် တရုတ်၊ အီရန်၊ တောင်ကိုရီးယား၊ အီတလီ၊ စပိန်၊ အမေရိကန်နှင့် ဗြိတိန် နိုင်ငံသားများကို ပြည်ဝင်ခွင့် ပိတ်ပင်ကြောင်း သမ္မတ ရာမာဖိုဆာက ကြေညာသည်။
မတ် ၁၈ ရက်မှ စတင်ကာ ကျောင်းအားလုံး ရက် ၃၀ ပိတ်ထားမည် ဖြစ်သလို၊ လူတစ်ရာအထက် စုဝေးခြင်းကိုလည်း တားမြစ်ကြောင်း သမ္မတ ရာမာဖိုဆာက ကြေညာသည်။တောင်အာဖရိကသည် နယ်စပ်ဂိတ် ၅၃ ခုအနက် ၃၅ ခုကို ပိတ်ထားမည် ဖြစ်သည်။
ကင်ညာတွင်လည်း ကျောင်းအားလုံး သီတင်းသုံးပတ် ပိတ်ထားမည်ဟု သမ္မတ ဟူရူ ကန်ယတ်တက ကြေညာသည်။ COVID-19 ဖြစ်ပွားနေသည့် နိုင်ငံများမှလူများကို ပြည်ဝင်ခွင့် ပိတ်ထားမည်ဖြစ်ပြီး ထိုနိုင်ငံများက ပြန်လာသည့် နိုင်ငံသားများသည်လည်း နေအိမ်တွင် ၁၄ ရက် သီးခြားနေထိုင်ရမည်ဖြစ်ကြောင်း သမ္မတ ကန်ယတ်တက ပြောသည်။
ဆီနီဂေါနှင့် မော်ရီတေးနီးယားတွင်လည်း ကျောင်းများပိတ်ထားလိုက်ပြီ ဖြစ်သည်။ ဆီနီဂေါသည် လူစုလူဝေး လုပ်ခြင်းလည်း တားမြစ်လိုက်ပြီး အပျော်စီးသင်္ဘောများ ဆိုက်ကပ်ခွင့်လည်း ပိတ်ပင်ထားသည်။
မော်ရိုကိုသည်လည်း ဥရောပနိုင်ငံအားလုံး၊ အာဖရိကနှင့် အရှေ့အလယ်ပိုင်း နိုင်ငံအများအပြားနှင့် လေကြောင်းဆက်သွယ်မှုများ ဖြတ်တောက်ထားသည်။ မတ် ၁၅ ရက်တွင် အီသီယိုးပီးယား၌ COVID-19 ကူးစက်သူ သုံးဦးထပ်တွေ့သဖြင့် ကူးစက်သူ လေးဦးရှိသွားပြီဖြစ်သည်။ကွန်ဂိုပြည်သူ့သမ္မတ နိုင်ငံတွင်လည်း ပထမဆုံး ကူးစက်သူတစ်ဦး တွေ့ရှိထားသည်။

















