COVID-19 သတိပေးချက်များကို လျစ်လျူရှုပြီး ထောက်ခံသူများနှင့် ဆဲလ်ဖီရိုက်ခဲ့သည့်အတွက် ဘရာဇီးသမ္မတ ဝေဖန်ခံရ

COVID-19 သတိပေးချက်များကို လျစ်လျူရှုပြီး ထောက်ခံသူများနှင့် ဆဲလ်ဖီရိုက်ခဲ့သည့်အတွက် ဘရာဇီးသမ္မတ ဝေဖန်ခံရ

မတ် ၁၅ ရက်တွင် ဘရာဇီးသမ္မတ ဂျိုင်ယာ ဘိုဆိုနာရိုသည် ထောက်ခံသူများနှင့်အတူ ဆဲလ်ဖီရိုက်ပြီး နိုင်ငံတစ်ဝန်း ၎င်းကိုထောက်ခံသည့်အနေဖြင့် လူထုအင်အားပြမှုများကို ချီးကျူးပြောဆိုခဲ့သည့်အတွက် လွှတ်တော်ခေါင်းဆောင်များ၏ဝေဖန်ပြောဆိုခြင်းကို ခံခဲ့ရသည်။

အမေရိကန်ပြည်ထောင်စု ဖလော်ရီဒါသို့ ၎င်းနှင့်အတူသွားရောက်ခဲ့သည့် ကိုယ်စားလှယ်များအနက် အချို့သည် COVID-19 ကူးစက်ခံထားရကြောင်း စစ်ဆေးတွေ့ရှိပြီးနောက် သတိထားနေထိုင်ရန် ကျန်းမာရေးပညာရှင်များက တိုက်တွန်းထားမှုကို ဘိုဆိုနာရိုက အလေးမထားခဲ့ချေ။ ဘိုဆိုနာရို COVID-19 ကူးစက်ခံထားရခြင်းရှိမရှိ စစ်ဆေးမှုခံယူခဲ့ရာ ကူးစက်ခံထားရခြင်းမရှိသော်လည်း လာမည့်အပတ်အစောပိ်ုင်းအထိ အခြားလူများနှင့်ဆက်ဆံခြင်းမပြုဘဲ သီးခြားနေထိုင်ရန် သမ္မတ၏ ဆေးကုသရေးအဖွဲ့က တိုက်တွန်းပြောဆိုထားသည်။

ဘိုဆိုနာရိုဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့တွင် ပါဝင်သည့် အကြီးအကဲခုနစ်ဦးနှင့် နောက်ခံအားဖြည့်ရေးအဖွဲ့ဝင်လေးဦးတို့ COVID-19 ကူးစက်ခံထားရကြောင်း ဘရာဇီးမီဒီယာများက မတ် ၁၅ ရက်တွင် ဖော်ပြခဲ့သည်။

ဘိုဆိုနာရိုသည် သမ္မတအိမ်တော်လှေကားမှပြေးဆင်းပြီး ဝင်းတံခါးနားတွင် ထောက်ခံသူများနှင့် တွေ့ဆုံကာ စမတ်ဖုန်းများကိုဆွဲယူပြီး ဆဲလ်ဖီရိုက်ခဲ့သည်။ ၎င်း၏အစိုးရလုပ်ဆောင်နေမှုများအား ထောက်ခံသည့်အနေဖြင့် လူများစွာ ဆန္ဒထုတ်ဖော်နေသည်ကို မြင်တွေ့ရသည်မှာ အဖိုးမဖြတ်နိုင်အောင် တန်ဖိုးရှိလှကြောင်း ဘိုဆိုနာရိုက ဖေ့စ်ဘွတ်ခ်တွင် ရေးသားခဲ့သည်။

ယခုဆန္ဒထုတ်ဖော်မှုကို ၎င်းညွှန်ကြားခဲ့ခြင်းမဟုတ်သောကြောင့် ဆန္ဒမထုတ်ဖော်ပါနှင့်ဟု တားဆီးရန်မဖြစ်နိုင်ကြောင်း၊ ပြည်သူများသည် သတင်းမီဒီယာ၊ ဗိုင်းရပ်စ်နှင့် ကျန်းမာရေးဌာန၏ညွှန်ကြားချက်များကို ဆန့်ကျင်ပြီး ဆန္ဒထုတ်ဖော်ခဲ့ခြင်းသာဖြစ်ကြောင်း ဘိုဆိုနာရိုက ပြောဆိုခဲ့သည်။

အောက်လွှတ်တော်ဥက္ကဋ္ဌ ရိုဒရီဂို မိုင်ယာက ဘိုဆိုနာရိုအား ထောက်ခံဆန္ဒထုတ်ဖော်မှုသည် အများပြည်သူကျန်းမာရေးကိုတိုက်ခိုက်လိုက်ခြင်းသာဖြစ်ကြောင်း ပြောဆိုခဲ့သည်။ လမ်းမပေါ်ထွက်ဆန္ဒထုတ်ဖော်ရန် လှုံ့ဆော်ခြင်းသည် အဆင်အခြင်မဲ့ရာရောက်ကြောင်း အထက်လွှတ်တော်နာယက ဒါဗီ အယ်ကိုလမ်ဘရာကလည်း ထုတ်ပြန်ပြောဆိုခဲ့သည်။

အများပြည်သူစုဝေးမှုများသည် မှားယွင်းသော လုပ်ရပ်ဖြစ်ပြီး ဆေးလိပ်မသောက်ရန် သတိပေးချက်ကို လျစ်လျူရှုသကဲ့သို့ ကိုယ့်အကျိုးထိခိုက်ရေးသာရှိလာလိမ့်မည်ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီး လူဝီစ် အင်နရီကာ မန်ဒတ်တာက ပြောဆိုခဲ့သည်။