အမေရိကန်ပြည်ထောင်စုတွင် COVID-19 ကူးစက်ပြန့်ပွားမှု ထိန်းချုပ်ရေးအတွက် နယူးယောက်နှင့် လော့စ်အိန်ဂျလိစ်မြို့များတွင် ကျောင်း၊ စားသောက်ဆိုင်၊ ရုပ်ရှင်ရုံ၊ ပြဇာတ်ရုံ၊ ဘားဆိုင်များအားလုံး ပိတ်ထားရန် မြို့တော်ဝန်များက ညွှန်ကြားချက် ထုတ်ပြန်လိုက်ပြီဖြစ်သည်။
မပိတ်လိုသော စားသောက်ဆိုင်များသည် အရောက်ပို့ ဝန်ဆောင်မှု သို့မဟုတ် ပါဆယ်စနစ်ဖြင့်သာ ရောင်းချရမည်ဟု သတ်မှတ်ထားသည်။ COVID-19 ကို စစ်ကာလ စိတ်ဓာတ်မျိုးဖြင့် တိုက်ဖျက်ရမည်ဖြစ်ကြောင်း နယူးယောက်မြို့တော်ဝန် ဘီလ် ဒီ ဘလာစီယိုက ပြောသည်။လော့စ်အိန်ဂျလိစ် မြို့တော်ဝန် အဲရစ် ဂါဆက်တီကလည်း ကာယလေ့ကျင့်ရေး စင်တာများပါ ပိတ်ထားရန် ညွှန်ကြားထားကြောင်း ပြောသည်။
နယူးယောက်မြို့တွင် ကျောင်းအားလုံးကို မတ် ၁၆ ရက်မှစတင်ကာ ဧပြီ ၂၀ ရက်ထိ ပိတ်ထားမည်ဖြစ်ပြီး လိုအပ်ပါက စာသင်နှစ်ကုန်အထိ ပိတ်ထားမည်ဖြစ်ကြောင်း မြို့တော်ဝန် ဒီ ဘလာစီယိုက ပြောသည်။
နယူးယောက်တွင် ကျောင်း ၁၈၀ဝ ရှိပြီး ကျောင်းသူကျောင်းသား ၁ ဒဿမ ၁ သန်းကျော် တက်ရောက်လျက်ရှိကာ နိုင်ငံအတွင်း ကျောင်းသူကျောင်းသားဦးရေ အများဆုံးမြို့ဖြစ်သည်။ လူဦးရေ ၈ ဒသမ ၅ သန်း နေထိုင်သော နယူးယောက်မြို့တွင် COVID-19 ကူးစက်သူ ၃၀ဝ ဝန်းကျင်ရှိနေသည်။
နယူးယောက်တွင် လူငါးရာအထက် စုဝေးခြင်းကို တားမြစ်ထားသည်။ အထက်ပါ လုပ်ငန်းများကို မည်သည့်အချိန်ထိ ပိတ်ခိုင်းထားမည်ကိုမူ နယူးယောက်မြို့တော်ဝန်က တိကျစွာ သတ်မှတ်ပေးခြင်း မရှိသေးပေ။ လော့စ်အိန်ဂျလိစ် မြို့တော်ဝန်ကမူ မတ် ၃၁ ရက်ထိ ပိတ်ခိုင်းထားမည်ဖြစ်ပြီး ထို့နောက်ပိုင်း လိုအပ်ပါက ထပ်မံညွှန်ကြားမည်ဟု ဆိုထားသည်။
အိုဟိုင်းယိုးနှင့် အီလီနွိုက်စ် ပြည်နယ်များတွင်လည်း ဘားဆိုင်၊ စားသောက်ဆိုင်များ ပိတ်ခိုင်းထားပြီး အရောက်ပို့စနစ်၊ ပါဆယ်စနစ်ဖြင့်သာ ရောင်းချရန် ညွှန်ကြားထားသည်။အမေရိကန်ပြည်ထောင်စုတွင် COVID-19 ကူးစက်သူ သုံးထောင်ကျော်နှင့် သေဆုံးသူ ၆၀ ကျော် ရှိနေသည်။

















