အမေရိကန်ပြည်သူများ အစိုးရိမ်လွန်ပြီး ပစ္စည်းများ လိုသည်ထက်ပိုဝယ်မစုရန် သမ္မတထရမ့် တောင်းဆို

အမေရိကန်ပြည်သူများ အစိုးရိမ်လွန်ပြီး ပစ္စည်းများ လိုသည်ထက်ပိုဝယ်မစုရန် သမ္မတထရမ့် တောင်းဆို

အမေရိကန်ပြည်သူများအနေဖြင့် အစိုးရိမ်လွန်ပြီး ပစ္စည်းများကို လိုအပ်သည်ထက် ပိုမိုစုဆောင်းခြင်းမပြုကြရန် အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က မတ် ၁၅ ရက်တွင်  တောင်းဆိုခဲ့သည်။

အမေရိကန်ပြည်ထောင်စု၌ ၁၄ ရက်တာ လူဝင်လူထွက်ပိတ်ပင်ခြင်းအပါအဝင် တင်းကျပ်သော စည်းမျဉ်းများကို ထုတ်ပြန်သင့်ကြောင်း ဓာတ်မတည့်မှုနှင့် ကူးစက်ရောဂါအင်စတီကျု၏အကြီးအကဲ ဒေါက်တာ အန်ထော်နီ ဖောက်ချီကပြောဆိုခဲ့သည်။

ပစ္စည်းများကို လိုအပ်သည်ထက် များစွာပိုမဝယ်ရန် တိုက်တွန်းလိုကြောင်း ထရမ့်က သတင်းစာရှင်းလင်းပွဲတွင်ပြောဆိုခဲ့သည်။ အမေရိကန်ပြည်ထောင်စုရှိ ကုန်စိမ်းနှင့် ကုန်ခြောက်ဆိုင်များ ဖွင့်နေဦးမည်ဖြစ်ပြီး ပစ္စည်းများပြတ်လပ်သွားများကို စိုးရိမ်စရာမရှိကြောင်း ထရမ့်က အမေရိကန်ကုန်စုံဆိုင်လုပ်ငန်းစုများမှ အမှုဆောင်အရာရှိများနှင့် တွေ့ဆုံပြီးနောက် ပြောဆိုခဲ့သည်။

အမေရိကန်ပြည်သူများအနေဖြင့် လာမည့်ရက်သတ္တပတ် တစ်ပတ်စာအတွက်သာ စားသောက်စရာများ ကြိုစုသင့်ကြောင်း အမေရိကန်ဒုတိယသမ္မတ မိုက်ပန့်စ်ကပြောဆိုခဲ့သည်။

အမေရိကန်ပြည်သူများအနေဖြင့် COVID-19 မကူးစက်ရေး ပိုမိုသတိထားနေထိုင်ရန် လိုအပ်ကြောင်း ဖောက်ချီက ပြောဆိုခဲ့ပြီးနောက် ထရမ့်က ပြည်သူများ အစိုးရိမ်မကြီးရန် တိုက်တွန်းခဲ့ခြင်းဖြစ်သည်။ သို့သော် COVID-19 ကူးစက်သူများစွာရှိနေသည့် ဝါရှင်တန်ပြည်နယ်နှင့် ကယ်လီဖိုးနီးယားသို့ ခရီးသွားမှုနှင့် ယင်းနယ်မြေများမှ အခြားနေရာများသို့ ခရီးသွားမှုများကို ကန့်သတ်ပိတ်ပင်ရန်မသင့်သေးကြောင်း ဖောက်ချီကပြောဆိုခဲ့သည်။

အဆိုးရွားဆုံးအခြေအနေရောက်ရှိမလာသေးသောကြောင့် ယင်းစိန်ခေါ်မှုကို မည်ကဲ့သို့ ရင်ဆိုင်မည်က ရလဒ်ကိုဆုံးဖြတ်ပေးလိမ့်မည်ဖြစ်ကြောင်း ဖောက်ချီကပြောဆိုခဲ့သည်။ သို့သော် ထရမ့်က COVID-19  ဗိုင်းရပ်စ်ပျံ့နှံ့မှုကို ၎င်း၏အစိုးရက ထိန်းချုပ်ထားနိုင်ဆဲဖြစ်ကြောင်း ပြောဆိုခဲ့သည်။

အမေရိကန်ပြည်ထောင်စု၌ လက်သန့်ဆေးရည်များနှင့် သန့်စင်ခန်းသုံးစက္ကူများပြတ်လပ်လာနေပြီဖြစ်သောကြောင့် ပြည်သူများ စိတ်ပျက်နေသလို COVID-19 ကူးစက်ခံထားရခြင်းရှိမရှိ စစ်ဆေးမှုများကို အမြန်ဆုံးမပြုလုပ်နိုင်သေးသည့်အတွက်လည်း စိုးရိမ်မှုများရှိနေကြပြီဖြစ်သည်။

လာမည့် ရက်သတ္တပတ်များတွင် COVID-19 ကူးစက်ခံရခြင်းရှိမရှိစစ်ဆေးမှုများကို ပြုလုပ်ပေးနိုင်မည်ဖြစ်သောကြောင့် ကူးစက်ခံရသူဦးရေ တိုးလာနိုင်ကြောင်း COVID-19 တိုက်ဖျက်ရေးအဖွဲ့တွင် ပါဝင်သည့် ဒေါက်တာ ဒဲဘိုရာ ဘာ့စ်ကပြောဆိုခဲ့သည်။