ကရင်ပြည်နယ် မြဝတီမြို့ မြန်မာ-ထိုင်းနယ်စပ်အမှတ်(၁)ချစ်ကြည်ရေး တံတားကြီးဂိတ်ဝတွင် COVID-19 ကူးစက် ပြန့်ပွားမှု ကာကွယ်တားဆီးရေး လုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် ပတ်သက်၍ ကရင်ပြည်နယ်ဝန်ကြီးချုပ် နန်းခင်ထွေးမြင့်က မတ် ၁၆ ရက် နံနက်ပိုင်းတွင် လာရောက်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။
ကရင်ပြည်နယ် ဝန်ကြီးချုပ်နှင့်အတူ ပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ချုပ် အောင်မြတ်မိုး၊ မြဝတီခရိုင် အုပ်ချုပ်ရေးမှူး ဦးတေဇာအောင်၊ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးဖြိုးဇော်ကိုကို၊ မြဝတီခရိုင် ကူးစက်ရောဂါ တိုက်ဖျက်ရေးတာဝန်ခံ ဒေါက်တာ ကေခိုင်ထက်၊ မြဝတီနယ်စပ် ကုန်သည်ကြီးများအသင်းဥက္ကဋ္ဌ ဒေါ်သင်းသင်းမြတ်တို့ လိုက်ပါ ကြည့်ရှုခဲ့ကြကြောင်း သိရသည်။
ထို့အပြင် ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းလုပ်သားများ၏ သားသမီးများ မြဝတီမြို့တွင် တက္ကသိုလ်ဝင် စာမေးပွဲလာရောက် ဖြေဆိုနေကြချိန်ဖြစ်ပြီး အဆိုပါ ကျောင်းသားကျောင်းသူများအား ဆန်၊ ဆီနှင့်မီးဖိုချောင်သုံး ဟင်းချက်စရာများကို ကရင်ပြည်နယ် ဝန်ကြီးချုပ်က သွားရာက်လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
ထိုင်းနိုင်ငံမှ ဝင်ရောက်လာကြသည့် မည်သည့်ပုဂ္ဂိုလ်မဆို COVID-19 နှင့်ပတ်သက်၍ ကျန်းမာရေးဝန်ထမ်းများအနေဖြင့် စနစ်တကျ စစ်ဆေးဆောင်ရွက်ရန်၊ မြို့တွင်း ရုပ်ရှင်ရုံများပြသနေမှုကို ရပ်နားထားရန်၊ တရုတ်နိုင်ငံသားများ ဝင်ရောက်မှုနှင့်ပတ်သက်၍ စည်းမျဉ်း စည်းကမ်းများအတိုင်း စိစစ်ဆောင်ရွက်ရန် စသည်တို့ကို မှာကြားခဲ့ကြောင်း သိရသည်။
















