အသက် ၂၁ နှစ်အရွယ် စပိန်လူငယ် ဘောလုံးအသင်းနည်းပြဆရာတစ်ဦးမှာ ကူးစက်မြန် COVID-19 ဖြင့် အသက်သေဆုံးခဲ့ရကြောင်း ဒေးလီးမေးလ်ကဖော်ပြခဲ့သည်။ COVID-19ကူးစက်ခံရပြီးနောက် သေဆုံးခဲ့သော ဘောလုံးနည်းပြမှာ ဖရန်ဆစ်စကိုဂါစီယာဟုအမည် ရပြီး မတ် ၁၅ ရက်က သေဆုံးခဲ့ခြင်းဖြစ်သည်။
ဂါစီယာသည် မာလာဂါအခြေစိုက် အက်သလက်တီကို ပေါ်တာဒါအယ်တာလူငယ်အသင်းကို နည်းပြနေသူတစ်ဦးလည်းဖြစ်သည်။
COVID-19 လက္ခဏာများတွေ့ရှိရပြီးနောက် ဂါစီယာသည် ဆေးရုံသို့ အလျင်အမြန်သွားရောက်၍ စစ်ဆေးမှု ခံယူခဲ့ရာ သွေးကင်ဆာရောဂါ အခံရှိနေခဲ့ကြောင်းလည်း သိရသည်။
ဂါစီယာသည် COVID-19 ဖြစ်ပြီးနောက် ဆေးရုံသို့ရောက်မှသာ သွေးကင်ဆာဖြစ်နေသည်ကို သိခဲ့ရခြင်းဖြစ်သည်။ အသက်သေဆုံးခဲ့ရသော ဂါစီယာသည် ဥရောပတိုက်တွင် COVID-19 ကြောင့် ဆုံးပါးခဲ့ရသော အသက်အငယ်ဆုံးသူဟု ယုံကြည်ရသည်။ ထို့ပြင် ဂါစီယာသည် မာလာဂါ၌COVID-19 ကြောင့် ဆုံးပါးခဲ့ရသော ငါးဦးမြောက် သူဖြစ်ကြောင်း သိရသည်။
လူငယ်ဘောလုံးအသင်းနည်းပြဆရာ မစ္စတာဂါစီယာ၏ မိသားစုနှင့် ထပ်တူထပ်မျှဝမ်းနည်း ပါကြောင်း အက်သလက်တီကိုပေါ်တာဒါအယ်တာအသင်းက ကြေညာချက်ထုတ်ပြန်ခဲ့သည်။
´ဖရန်ဆစ်စကိုဟာ လူတော်တစ်ဦးပါ။ သူဟာ ပါရမီရှိတဲ့နည်းပြတစ်ဦး လည်းဖြစ်ပါတယ်။ ကျွန်တော်တို့အားလုံး အခုထိ လက်မခံနိုင်သေးဘူး။ တနင်္ဂနွေနေ့ ညခုနစ်နာရီမှာဆေးရုံက ကျွန်တော့်ကို ဖုန်းဆက်တယ်။ သူ့အခြေအနေတည် ငြိမ်တယ်လို့ပြောတယ်။ နောက်တစ်နာရီလောက်နေတော့ ကိုရိုနာဗိုင်းရပ်စ်ကြောင့်ဆုံးသွားပြီပြောတယ်။ ကင်ဆာဖြစ်နေတယ်ဆိုတာကိုလည်း ကျွန်တော်မယုံနိုင်ဘူး`ဟု အက်သလက်တီကိုပေါ်တာဒါအယ် တာ အသင်းဥက္ကဠ ပတ်ဘူနိုက ပြောကြားခဲ့သည်။
စပိန်နိုင်ငံသည် ဥရောပတိုက်၌ COVID-19 ဒဏ်အခံရဆုံး ဒုတိယမြောက်နိုင်ငံဖြစ်နေပြီး နိုင်ငံတစ်ဝှမ်း ကူးစက်ခံရသူ ၉၀၀၀ ကျော်ထိရှိနေပြီး အယောက် ၃၀၀ကျော် အသက်သေဆုံးခဲ့ပြီးဖြစ်သည်။















