ဂျီ-၇ နိုင်ငံများ တင်းမာမှုလျှော့ချပြီး COVID-19 အရေး ပိုမိုပူးပေါင်းဆောင်ရွက်ရန် ကတိပြု

ဂျီ-၇ နိုင်ငံများ တင်းမာမှုလျှော့ချပြီး COVID-19 အရေး ပိုမိုပူးပေါင်းဆောင်ရွက်ရန် ကတိပြု

အမေရိကန်အပါအဝင် စက်မှုအင်အားကြီး ဂျီ-၇ နိုင်ငံများအဖွဲ့သည် အချင်းချင်းတင်းမာမှုများလျှော့ချပြီး COVID-19 တိုက်ဖျက်ရေ းပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်သလို၊ ဆေးပစ္စည်းမျာ းလုံလောက်စွာရရှိရေး၊ အလုပ်အကိုင်၊ ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ကမ္ဘာတစ်ဝန်းမထိခိုက်စေရေး အားစိုက်ကြိုးပမ်းသွားမည်ဖြစ်ကြောင်း မတ် ၁၆ ရက်တွင် ကတိပြုခဲ့ကြသည်။

ကမ္ဘာ့စီးပွားရေးကို ခြိမ်းခြောက်နေသော COVID-19 ကို တိုက်ဖျက်ရေးအတွက် သိပ္ပံ၊ သုတေသနနှင့် နည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများလည်း မြှင့်တင်သွားမည်ဟု ဂျီ-၇ နိုင်ငံများက ကတိပြုလိုက်သည်။

အမေရိကန်၊ ကနေဒါ၊ ဂျာမနီ၊ အီတလီ၊ ဂျပန်၊ ဗြိတိန်၊ ပြင်သစ်ခေါင်းဆောင်များသည် အွန်လိုင်းကတစ်ဆင့် အစည်းအဝေးကျင်းပခဲ့ကြခြင်းဖြစ်သည်။

COVID-19 အရေးသမ္မတထရမ့်က ဥရောပနိုင်ငံအများကို ခရီးသွားဆက်ဆံရေးဖြတ်တောက်ထားမှုကြောင့် တင်းမာမှုမြင့်တက်နေခြင်းကိုလည်း လျှော့ချရန် အမေရိကန်နှင့် ဥရောပနိုင်ငံများ သဘောတူခဲ့ကြောင်း သိရသည်။

COVID-19 ကြောင့် ထိခိုက်ရသည့်လုပ်ငန်းများ၊ လုပ်သားများကိုအကူအညီပေးရန် ဘဏ္ဍာရေးလမ်းကြောင်းများလည်း ဖွင့်လှစ်လိုက်ကြောင်း ဂျီ - ၇ နိုင်ငံများ ပူးတွဲကြေညာချက်တွင် ဖော်ပြထားသည်။ အမေရိကန်နှင့် ဥရောပနိုင်ငံများသည် ယခင်ကတင်းမာမှုများရှိခဲ့သော်လည်း COVID-19 အရေးကြောင့် ယခုအခါစည်းလုံးလျက်ရှိကြောင်း သမ္မတထရမ့်၏ စီးပွားရေးအကြံပေးလာရီကူဒလိုက ပြောသည်။