ဈေးဝယ်သူများအနေဖြင့် အစိုးရိမ်လွန်ကာ ပစ္စည်းများကို လိုအပ်သည်ထက် ပိုမိုဝယ်ယူစုဆောင်းခြင်းမပြုရန် အခြားလူများကိုငဲ့ညှာရန် ဗြိတိန်ရှိ ဈေးဝယ်စင်တာကြီးများက မတ် ၁၆ ရက်တွင် တောင်းဆိုခဲ့ရသည်။
ဗြိတိန်ရှိ Tesco၊ Sainsbury's နှင့် Waitrose တို့အပါအဝင် လက်လီကုန်စုံဆိုင်ကြီးများသည် စာတစ်စောင်ကိုပူးပေါင်းထုတ်ပြန်ခဲ့ပြီး ယင်းစာကို ဗြိတိန်ရှိသတင်းစာများက မတ် ၁၆ ရက်တွင် ဖော်ပြခဲ့သည်။ ဈေးဝယ်ရာတွင် အခြားလူကို ငဲ့ညှာပေးပြီး လူတိုင်းအတွက် အလုံအလောက်ရှိသောကြောင့် စိုးရိမ်စရာမရှိကြောင်း ထုတ်ပြန်စာတွင် ဖော်ပြထားသည်။
ဗြိတိန်ရှိ ဈေးဝယ်စင်တာများတွင် သန့်စင်ခန်းသုံးစက္ကူ၊ ခေါက်ဆွဲခြောက်နှင့် ဆီသွတ်ဗူးများကို အလုအယက်ဝယ်ယူမှုများရှိနေသည်။ ဗြိတိန်တွင် လူကြိုက်များသည့် အွန်လိုင်းအရောင်းအဝယ်လုပ်ငန်းများသို့လည်း မှာယူမှုများစွာရှိနေသောကြောင့် ဈေးဝယ်သူများ မှာထားသည့်ပစ္စည်းကိုရရှိရန် နာရီများစွ ာစောင့်ဆိုင်းနေကြရသည်။
ကုန်ပစ္စည်းတချို့နှင့်ပတ်သက်၍ ဝယ်ယူနိုင်သည့် ပမာဏကိုကန့်သတ်မည်ဖြစ်ပြီး စတိုးဆိုင်သန့်ရှင်းမှု၊ အစားအစာထုတ်လုပ်မှုနှင့် သိုလှောင်မှုပမာဏတို့ကို တိုးမြှင့်မည်ဖြစ်ကြောင်း ကုန်စုံဆိုင်လုပ်ငန်းစု Morrisons ထုတ်ပြန်ခဲ့သည်။
တစ်ချိန်တည်းမှာပင် COVID-19 ကြောင့် မလေးရှားသည် နယ်စပ်များကို ပိတ်ထားမည်ဖြစ်ကြောင်း ကြေညာခဲ့ပြီးနောက် မလေးရှားမှကုန်ပစ္စည်းများ အဝင်ရပ်မည်ကို စိုးရိမ်သည့်အတွက် စင်ကာပူနိုင်ငံသားများသည် မတ် ၁၇ ရက်တွင် စားသောက်ကုန်များကို ဝယ်ယူစုဆောင်းမှုများပြုလုပ်ခဲ့သည်။
COVID-19 ကူးစက်မှုထိန်းချုပ်ရေးအတွက် ပြည်သူများ ပြည်ပထွက်ခွင့်နှင့် ပြည်ပနိုင်ငံများမှ ခရီးသွားများ ပြည်တွင်းဝင်ရောက်ခွင့်ကို မတ် ၁၈ ရက်က စတင်ပြီး သီတင်းနှစ်ပတ်ကြာပိတ်ပင်ထားမည်ဖြစ်ကြောင်း မလေးရှားဝန်ကြီးချုပ် မူယစ်ဒင်ယက်ဆင်က ထုတ်ပြန်ကြေညာခဲ့သည်။ စင်ကာပူသည် နိုင်ငံတွင်းရှိ စားသောက်ကုန် ၉၀ ရာခိုင်နှုန်းကို ပြည်ပမှ တင်သွင်းနေရခြင်းဖြစ်ပြီး အိမ်နီးချင်း မလေးရှားသည် ကုန်ပစ္စည်းနှင့်ပတ်သက်လျှင် စင်ကာပူအတွက် အဓိက မှီခိုအားထားရာနေရာဖြစ်ခဲ့သည်။
နိုင်ငံတွင်း အသားနှင့် ဟင်းသီးဟင်းရွက် နှစ်လစာသိုလှောင်ထားပြီးဖြစ်ကာ ခေါက်ဆွဲခြောက်နှင့် ဆန်တို့ကိုလည်း သုံးလစာသိုလှောင်ထားပြီးဖြစ်ကြောင်း စင်ကာပူအစိုးရက ပြောဆိုခဲ့သည်။

















