ကိုရိုနာဗိုင်းရပ်စ်အား လူသားခန္ဓာကိုယ်ခုခံအားစနစ်က တုံ့ပြန်ပုံကို သြစတြေးလျပညာရှင်များ ခြေရာခံနိုင်

ကိုရိုနာဗိုင်းရပ်စ်အား လူသားခန္ဓာကိုယ်ခုခံအားစနစ်က တုံ့ပြန်ပုံကို သြစတြေးလျပညာရှင်များ ခြေရာခံနိုင်

သြစတြေးလျနိုင်ငံရှိ COVID-19 ကူးစက်ခံထားရသူများအနက် တစ်ဦး၏သွေးနမူနာများကို လေ့လာမှုအရ ကိုရိုနာဗိုင်းရပ်စ်အား လူသား၏ခန္ဓာကိုယ်ရှိ ခုခံအားစနစ်က မည်ကဲ့သို့ တုံ့ပြန်သည်ကို ခြေရာခံနိုင်ခဲ့ပြီဖြစ်ကြောင်း သြစတြေးလျနိုင်ငံရှိ ပီတာဒိုဟာတီ ကူးစက်မှုနှင့် ခုခံအားစနစ်ဆိုင်ရာ အင်စတီကျုမှ ပညာရှင်များက မတ် ၁၇ ရက်တွင် ထုတ်ပြန်ပြောဆိုခဲ့သည်။

အင်စတီကျုမှ ပညာရှင်များသည် အမည်မဖော်ပြသည့် အသက် ၄၀ ကျော်အရွယ် လူနာတစ်ဦး၏သွေးနမူနာများကို စစ်ဆေးခဲ့ပြီးနောက် လူသား၏ ခုခံအားစနစ်သည် တုပ်ကွေးကိုတုံ့ပြန်သကဲ့သို့ ကိုရိုနာဗိုင်းရပ်စ်ကိုလည်း တုံ့ပြန်နေကြောင်း တွေ့ရှိခဲ့သည်။ ယင်းကြောင့် သိပ္ပံပညာရှင်များသည် လူနာတချို့ နာလန်ထလာချိန်တွင် အခြားလူနာများ အသက်ရှူလမ်းကြောင်းဆိုင်ရာ ပြဿနာများကြုံရသည့် အကြောင်းအရင်းကို နားလည်တော့မည်ဖြစ်ကြောင်း ပညာရှင်များက ပြောဆိုခဲ့သည်။

အင်စတီကျုမှ ပညာရှင်များသည် အဆိုပါလူနာ၏ခုခံအားစနစ်တုံ့ပြန်ပုံကို စောင့်ကြည့်နေသောကြောင့် ယင်းလူနာ မည်သည့်အချိန်တွင် နာလန်ထမည်ကိုလည်း တိကျစွာ ခန့်မှန်းနိုင်ခဲ့သည်။ ယခုတွေ့ရှိမှုသည် COVID-19 ကာကွယ်ဆေးထုတ်လုပ်ရာတွင် အကူအညီရရှိမည်ဟု ယုံကြည်ပါကြောင်း သြစတြေးလျကျန်းမာရေးဝန်ကြီး ဂရက်ဟန့်က ပြောဆိုခဲ့သည်။

တစ်ချိန်တည်းမှာပင် ဂျာမနီဆေးဝါးကုမ္ပဏီတစ်ခုက ထုတ်လုပ်ရန် ကြိုးပမ်းနေသည့် COVID-19 ကာကွယ်ဆေးကို အမေရိကန်သမ္မတဒေါ်နယ်ထရမ့်၏အစိုးရက အမေရိကန်ပိုင်အဖြစ် တစ်နိုင်ငံတည်းပိုင် လုပ်ဆောင်ရန် ကြိုးပမ်းမှုကို ဂျာမနီအစိုးရဝန်ကြီးများက ဒေါသတကြီးဖြင့် တုံ့ပြန်လိုက်ပြီဖြစ်သည်။

ဂျာမနီရှိ CureVac က ထုတ်လုပ်ရန် ကြိုးပမ်းနေသည့် ကာကွယ်ဆေးကို အမေရိကန်တစ်နိုင်ငံတည်းအတွက် လက်ဝါးကြီးအုပ်ထားနိုင်ရေးအတွက် ထရမ့်အစိုးရက ဒေါ်လာဘီလီယံပေါင်းများစွာ ကမ်းလှမ်းခဲ့ကြောင်း ဂျာမနီအစိုးရသတင်းအရင်းအမြစ်များက ပြောဆိုခဲ့သည်ဟု ဂျာမန်သတင်းစာ Welt am Sonntag က ဖော်ပြခဲ့သည်။

သတင်းစာ၏ဖော်ပြချက်မှန်ကန်ကြောင်း ဂျာမနီကျန်းမာရေးဝန်ကြီးဌာနကလည်း အတည်ပြုထားသည်။ COVID-19 ကာကွယ်ဆေးထုတ်လုပ်ရာတွင် ဂျာမန်သိပ္ပံပညာရှင်များသည် ဦးဆောင်ပါဝင်နေပြီး ရလဒ်များကို တစ်နိုင်ငံတည်းက လက်ဝါးကြီးအုပ်မည်ကို လက်မခံနိုင်ကြောင်း ဂျာမနီနိုင်ငံခြားရေးဝန်ကြီး ဟိုက်ကိုမားဇ်က ပြောဆိုခဲ့သည်။

COVID-19 ကာကွယ်ဆေးသည် တစ်နိုင်ငံတည်းလက်ဝါးကြီးအုပ်ထားလို့မရသည့်အရာဖြစ်ပြီး အရင်းရှင်စနစ်တွင်လည်း ကန့်သတ်ချက်များရှိနေကြောင်း ဝါရင့်နိုင်ငံရေးသမားဖြစ်သလို ကျန်းမာရေးဆိုင်ရာဘောဂဗေဒနှင့် ရောဂါကူးစက်မှုဗေဒပါမောက္ခ ကားလောက်တာဘာ့က ပြောဆိုခဲ့သည်။ ကာကွယ်ဆေးနမူနာကို ဇွန်သို့မဟုတ် ဇူလိုင်တွင် ထုတ်လုပ်နိုင်မည်ဟု မျှော်လင့်ပါကြောင်း CureVac ပူးတွဲတည်ထောင်သူ ဖလော်ရင်ဖွန်ဒါမြူဘာက ပြောဆိုခဲ့သည်။