ပိတ်ဆို့မှုနှင့် အနိုင်ကျင့်သည့် အမေရိကန် COVID-19 ဖြင့် ဝဋ်လည်ပြီဟု ဇင်ဘာဘွေ ကာကွယ်ရေးဝန်ကြီးဝေဖန် 

ပိတ်ဆို့မှုနှင့် အနိုင်ကျင့်သည့် အမေရိကန် COVID-19 ဖြင့် ဝဋ်လည်ပြီဟု ဇင်ဘာဘွေ ကာကွယ်ရေးဝန်ကြီးဝေဖန် 

ဇင်ဘာဘွေအပေါ် အရေးယူပိတ်ဆို့မှုများဖြင့် အနိုင်ကျင့်ခဲ့သည့် အမေရိကန်နှင့် အနောက်နိုင်ငံများသည် COVID-19 ဖြင့် စီးပွားဝဋ်လည်နေပြီဟု ဇင်ဘာဘွေ ကာကွယ်ရေးဝန်ကြီးက မှတ်ချက်ပေးခဲ့ကြောင်း သိရသည်။

COVID-19 ကြောင့် အမေရိကန်နှင့် အနောက်နိုင်ငံများ စီးပွားလည်ပတ်မှုများထိခိုက်နေရခြင်းကို ကာကွယ်ရေးဝန်ကြီးအိုပါ မူချင်ဂူရီက ရည်ညွှန်းပြောကြားလိုက်ခြင်းဖြစ်သည်။

“ဒို့ကိုအရေးယူပိတ်ဆို့မှုနဲ့ ဒဏ်ခတ်တဲ့နိုင်ငံတွေ COVID-19 ကြောင့် ကောင်းကောင်းဝဋ်လည်နေပြီ။ အကုန်အိမ်တွင်းအောင်းနေရလို့ စီးပွားတွေလည်းပျက်နေကြပြီ”ဟု မူချင်ဂူရီက မြို့တော်ဟာရာရီမှ အနောက်မြောက်ဘက် ၇၅ မိုင်အကွာ ချင်ဟိုရီမြို့တွင် အာဏာရပါတီကိုထောက်ခံသူများနှင့် တွေ့ဆုံပွဲတွင် ဝေဖန်ပြောကြားခဲ့ခြင်းဖြစ်သည်။

“COVID-19 ကြောင့် ဒေါ်နယ်ထရမ့်လည်း ဒုက္ခရောက်တယ်ဆိုတာ ဘာဆိုတာခံစားဖူးသွားတာပေါ့”ဟု မူချင်ဂူရီက ပြောကြားသည့် ဗီဒီယိုဖိုင်သည် အွန်လိုင်းတွင် လူကြည့်များသည့် ဗီဒီယိုအဖြစ် ပျံ့နှံ့လျက်ရှိသည်။

မူချင်ဂူရီ၏ မှတ်ချက်စကားကို အတိုက်အခံပါတီများ၊ လူ့အခွင့်အရေးလှုပ်ရှားသူများက ဝေဖန်လျက်ရှိသည်။ ဇင်ဘာဘွေတွင် COVID-19 ကူးစက်မှုမရှိသေးသော်လည်း အိမ်နီးချင်းတောင်အာဖရိကနိုင်ငံတွင် ကူးစက်သူ ၆၀ ခန့် ရှိနေသည်။ အာဖရိက ၅၄ နိုင်ငံအနက် နိုင်ငံ ၃၀ တွင် COVID-19 ကူးစက်ခံထားရသည်။

ကာကွယ်ရေးဝန်ကြီး၏ မှတ်ချက်စကားကြောင့် သမ္မတအီမာဆန် နန်ဂတ်ဂွာသည် မတ် ၁၆ ရက်တွင် ကြေညာချက်ထုတ်ပြန်ကာ ဇင်ဘာဘွေသည် COVID-19ဒဏ် ခံနေရသည့် နိုင်ငံများကို ကိုယ်ချင်းစာပါကြောင်း၊ အားလုံးနှင့်အတူ ရပ်တည်လျက်ရှိကြောင်း၊ COVID-19 ကဲ့သို့ ကပ်ရောဂါမျိုးသည် နယ်စည်းမခြားကူးစက်နိုင်သည့် ဗိုင်းရပ်စ်မျိုးဖြစ်သောကြောင့် မည်သူ့ကိုမျှ အပြစ်ဖို့ရန် အကြောင်းမရှိဟု ထုတ်ပြန်ခဲ့သည်။ ထုတ်ပြန်ချက်တွင် ကာကွယ်ရေးဝန်ကြီး၏ အမည်ကိုထည့်သွင်းဖော်ပြခြင်းမရှိသော်လည်း မူချင်ဂူရီ၏ မှတ်ချက်စကားအတွက် ဖြေရှင်းချက်ထုတ်ပြန်ခြင်းအဖြစ် ထင်ရှားလျက်ရှိသည်။

လူ့အခွင့်အရေးချိုးဖောက်မှုစွဲချက်များဖြင့် ဇင်ဘာဘွေကို အမေရိကန်နှင့် အနောက်နိုင်ငံများသည် ပြီးခဲ့သည့် ဆယ်စုနှစ် နှစ်ခုနီးပါးအရေးယူပိတ်ဆို့မှုများ ချမှတ်ထားခဲ့သည်။