COVID-19 ကြောက်ပေမယ့် လေယာဉ်လက်မှတ်ခဈေးပေါလို့ ခရီးထွက်သူလည်းမနည်း

COVID-19 ကြောက်ပေမယ့် လေယာဉ်လက်မှတ်ခဈေးပေါလို့ ခရီးထွက်သူလည်းမနည်း

ကမ္ဘာတစ်ဝန်းနှင့် အမေရိကန်တစ်ခွင်မှာပါ COVID-19 ပြန့်ပွားပြီး ခရီးသွားသူနည်းပါးကာ လေယာဉ်လက်မှတ်ခများဈေးပေါနေချိန်တွင် ရှီကာဂိုမြို့သူ ဒယ်စီယာမက်ဘလက်ဝဲက ပုံမှန် တစ်နှစ်လျှင် တစ်နေရာ လောက် အပန်းဖြေခရီးထွက်ရာကနေ အခုနှစ်မှာတော့ သုံးနေရာစာ လေယာဉ်လက်မှတ်များဝယ်ထားသည်။

ဧပြီလထဲမှာ ဒန်ဗာမြို့က သူငယ်ချင်းတွေဆီ သွားလည်မည်။ မေလမှာ တောင်ကာရိုလိုင်းနားပြည်နယ် ချာလ်စ်တန်မြို့ကိုသွားဦးမည်။ ချာလ်စ်တန်ကပြန်လာရင် ကော်စတာရီကာကို ထပ်သွားဦးမည်။ အဆိုပါခရီးစဉ်သုံးခုအတွက် ပုံမှန်ဆို ဒေါ်လာ ၇၀ဝ နဲ့ အထက် လေယာဉ်လက်မှတ်ခကျသင့်နိုင်သော်လည်း အခုတော့ ဒေါ်လာ ၄၀ဝ ကျော်သာကျသင့်သည်။

"ရလာတဲ့ဘဝမှာ တန်အောင်နေ။ COVID-19 ကြောက်ပြီး အိမ်မှာ ချောင်ကုပ်နေမလား၊ လေယာဉ်ခ ဈေးပေါတုန်း ပျော်ပျော်ကြီးခရီးသွားမလား၊ ကြိုက်ရာရွေး"ဟု မက်ဘလက်ဝဲက ပြောသည်။

ဘဝကို အကြောက်အလန့်မရှိ ပျော်ပျော်ဖြတ်သန်းချင်သူတွေရှိပေမယ့် လေကြောင်းလိုင်းတွေအလုပ်ဖြစ်လောက်အောင် မများတာတော့အမှန်ပင်။ COVID-19 ကြောင့် ပြည်တွင်းရော၊ နိုင်ငံတကာမှာပါ ခရီးသွား အလွန်အမင်းကျဆင်းသဖြင့် ကမ္ဘာ့လေကြောင်းလိုင်းများ ဒေါ်လာ ၁၁၃ ဘီလီယံနီးပါး နစ်နာရနိုင်ကြောင်း ခန့်မှန်းထားသည်။

အင်ဒီယားနားပြည်နယ်မှ အသက် ၂၂ နှစ်အရွယ် တက္ကသိုလ်ကျောင်းသားတစ်ဦးသည် ဖလော်ရီဒါပြည်နယ် အော်လန်ဒိုမြို့က သူငယ်ချင်းထံသွားလည်ရာ အသွားအပြန်လေယာဉ်ခ ဒေါ်လာ ၁၁၀ ပေးခဲ့ရပြီး အင်ဒီယားနားသို့ သူပြန်ရောက်ချိန်တွင် COVID-19 ကြောင့် ထိုခရီးစဉ်သည် ၆၅ ဒေါ်လာသာရှိတော့သဖြင့် မချိတင်ကဲဖြစ်ခဲ့ရသည်။

ကယ်လီဖိုးနီးယားပြည်နယ် ဘဲလ်မွန့်မြို့က အသက် ၂၇ နှစ်အရွယ် ယာဂိုဖာရိုင်ရာသည် ဘရာဇီးက မိသားစုထံ သြဂုတ်လတွင်ပြန်ရန် ဒေါ်လာ ၈၀ဝ ဖြင့်လေယာဉ်လက်မှတ်ဝယ်ထားသည်။ ပုံမှန်နှုန်းအောက် တစ်ဝက်လောက်အထိ ဈေးသက်သာသည်။ ဒါ့အပြင် နယူးဂျာစီပြည်နယ်မှာနေသည့် မိခင်ဆီလည်း အီစတာကာလသွားလည်ရန် ပုံမှန်အောက်တစ်ဝက် ဈေးဒေါ်လာ ၂၅၀ ဖြင့် လေယာဉ်လက်မှတ်ဝယ်ထားပြီးပြီဖြစ်သည်။

COVID-19 ရှိနေသည့်နိုင်ငံများကပြန်လာသူများ နေအိမ်တွင် ၁၄ ရက်သီးခြားနေထိုင်ပြီးမှ မိသားစုဝင်များနှင့်ထိတွေ့ဆက်ဆံရန် အမေရိကန်ကျန်းမာရေးပညာရှင်များက အကြံပြုထားသည်။