ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့တွင် ဆိုင်ကယ် ကယ်ရီပြေးဆွဲသူတစ်ဦး၏ သတင်းပေးချက်အရ ကိုရိုနာဗိုင်းရပ်စ် သံသယလူနာတစ်ဦးအား တွေ့ရှိခဲ့သဖြင့် မတ် ၁၇ ရက်တွင် သီပေါဆေးရုံ၌ စောင့်ကြည့်လူနာအဖြစ် သီးသန့့်ထားကုသနေကြောင်း သိရသည်။
"လူနာက မနေ့ညကမှ တရုတ်ပြည်ကပြန်ရောက်လာသူပါ။ ကိုယ်အပူချိန် အရမ်းမြင့်နေလို့မနေ့ညက ဆေးရုံအုပ်ကြီးကို အကြောင်းကြားခဲ့ပြီး ဒီမနက်မှာ သီပေါဆေးရုံကိုကျွန်တော်တို့အဖွဲ့က ပို့ပေးခဲ့တယ်။ ကယ်ရီသမားကိုလည်း စောင့်ကြည့်နေတယ်။ သူ့မှာဖျားနာတာ ဘာမှမရှိသေးဘူး"ဟု နယ်စည်းမခြား ပရ ဟိတအသင်းမှ ကိုမျိုးက ပြောသည်။
အဆိုပါလူနာမှာ အသက် ၂၀ ခန့်ဖြစ်၍ တရုတ်နိုင်ငံ ကွမ်းတုံပြည်နယ် ဟွေကျူံးမြို့မှ မတ် ၁၆ ရက် ညပိုင်းက ပြန်လည်ရောက်ရှိလာသူဖြစ်ပြီး ကိုယ်ပူနေသည်ဟု ဆိုင်ကယ်ကယ်ရီသမားတစ်ဦးက သတင်းပေးလာသဖြင့် ဆေးရုံသို့ နယ်စည်းမခြားပရဟိတအသင်းက ပို့ဆောင်ပေးခဲ့သည်။
"လောလောဆယ်မှာ စောင့်ကြည့်လူနာအဆင့်ပါ။ သူက ဖြစ်ပွားတဲ့နိုင်ငံက ပြန်လာတယ်၊ဖျားတယ်ချောင်းဆိုးတယ်၊ကျောတွေရင်တွေအောင့်တယ်။ ဒါကြောင့် လိုအပ်တဲ့စစ်ဆေးမှုတွေ ယူပြီးစားသောက်စရာတွေလည်း အပြည့်အစုံနဲ့ သီးသန့့်ခန်းမှာ ထားတယ်"ဟု သီပေါဆေးရုံအုပ်ကြီးဒေါက်တာနန္နာဝင်းက ပြောသည်။
ဆရာဝန်များက အကာအကွယ်ပစ္စည်းများဝတ်ဆင် ကုသပေးနေရာ ဓါတ်မှန်ရိုက်စစ်ဆေးချက်အရ ညာဘက်အဆုတ်တစ်ဖက် ပျက်စီးသည်ကိုတွေ့ရကြောင်း၊ COVID-19 ရှိပါက အဆုတ် နှစ်ဘက်လုံးပျက်စီးခြင်းဖြစ်၍ ယခုလူနာမှာ အခြေအနေကောင်းမွန်ပြီး ဓါတ်ခွဲစစ်ဆေးမှု ဆက်လက်လုပ်ဆောင်မည်ဖြစ်ကြောင်း သိရသည်။<
















