မတ်လ ၁၆ ရက်မှ ဧပြီ ၃၀ ရက်အထိ မြန်မာတစ်နိုင်ငံလုံးရှိ ရုပ်ရှင်ရုံများ ပိတ်မည်

မတ်လ ၁၆ ရက်မှ ဧပြီ ၃၀ ရက်အထိ မြန်မာတစ်နိုင်ငံလုံးရှိ ရုပ်ရှင်ရုံများ ပိတ်မည်

ပြည်သူလူထု ကျန်းမာရေးကို ရှေးရှုသောအားဖြင့် မတ်လ ၁၆ ရက်မှ ဧပြီ ၃၀ ရက်အထိ မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ ရုပ်ရှင်ရုံများ ခေတ္တပိတ်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌ ဦးညီညီထွန်းက မြန်မာတိုင်း(မ်)ကို ပြောသည်။

"ဒီကနေ့ ပြန်ကြားရေးဝန်ကြီးဌာနက ညွှန်ကြားစာထွက်လာတော့ ရုပ်ရှင်ရုံတွေ ပိတ်လိုက်တာပါ။ မင်္ဂလာရုပ်ရှင်ရုံ အုပ်စုဆိုရင် ဒီမနက် (မတ်လ ၁၆ ရက်) ၁၀ နာရီခွဲ တစ်ကားပြလိုက်သေးတယ်။ နောက်ပိုင်းပွဲတွေ အကုန်ပိတ်လိုက်ပြီ။ သောကြာနေ့ကတည်းက ရုံတွေမှာ လူမရှိတော့ဘူးလေ။ ကြာသပတေးနေ့ညမှာ ကောလာဟလ တွေကြောင့် ပြည်သူတွေ ဆန်ဆီရိက္ခာတွေ ဝယ်ကြတာက စတာပေါ့။ နောက်ရက် သောကြာမှာ ရုံတွေကို မလာတော့ဘူး။ ပရိုဂျူဆာတွေ ကလည်း သူတို့ရုံတင်ထားတဲ့ ကားတွေ မပြချင်ကြတော့ဘူး။ ရုံတွေမှာမှ လူမရှိတာ။ ဒါပေမဲ့ မပိတ်ရဲသေးဘူး။ ခု စာထွက်လာမှ အားလုံး ပိတ်လိုက်ရတယ်" ဟု ဦးညီညီထွန်းက ပြောသည်။

ရုပ်ရှင်ထုတ်လုပ်ရေးများက ကျေနပ်ကြသော်လည်း ရုံပိုင်ရှင်များ အတွက် ဝန်ထမ်းများကို လစာပေးချေရမည်ဖြစ်သောကြောင့် နစ်နာကြောင်း ၎င်းက ပြောသည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO) မှ Covid-19  ရောဂါအား ကမ္ဘာ့ကပ်ရောဂါအဖြစ် မတ်လ ၁၁ ရက်တွင် သတ်မှတ်ခဲ့သည့် အတွက် မတ်လ ၁၅ ရက် ညနေပိုင်းတွင် မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံး(ဗဟို)က ရုပ်ရှင်ဂီတ ရုံပိုင်ရှင်များအစည်းအဝေး ကျင်းပခဲ့သည်။ ထိုအစည်းအဝေးတွင် ပြည်သူများ၏ ကျန်းမာရေးအား ရှေးရှုသောအားဖြင့် ရုပ်ရှင်ရုံများ ခေတ္တပိတ်ကြောင်း စာထုတ်ရန် ဆွေးနွေးခဲ့ခြင်း ဖြစ်သည်။

"ပြန်ကြားရေးဝန်ကြီးဌာန၊ ရုပ်ရှင်မြှင့်တင်ရေးဌာနခွဲ ညွှန်ကြား ရေးမှူးဦးသိန်းနိုင်ရဲ့ နှုတ်မိန့်နဲ့ ညွှန်ကြားချက်အရ ကျွန်တော်တို့ ရုပ်ရှင်ရုံတွေကို ပိတ်လိုက်ပါတယ်။ သတ်မှတ်ထားတာက ဧပြီ ၃၀ အထိဆိုပေမဲ့ လိုအပ်ချက် ရှိလို့ ရက်ထပ်တိုးရင်လည်း ဆက်ပိတ်ရမှာပါပဲ။ ကျွန်တော်တို့အတွက်တော့ ဒါ သူဌေးနဲ့ အလုပ်သမားကြားမှာ အပြန်အလှန် စောင့်ရှောက်မှုတွေ ရှိတာပေါ့၊ နစ်နာတယ်လို့တော့ မခံယူပါဘူး" ဟု မင်္ဂလာ ရုပ်ရှင်အုပ်စု မန်နေဂျာ ဦးသန်းနိုင်က ပြောသည်။ 

တနင်္သာရီတိုင်းဒေသကြီး ထားဝယ်နှင့် မြိတ်တို့တွင် ဖွင့်လှစ်ထားသည့် အဆင့်မြင့်ရုပ်ရှင်ရုံများကိုလည်း မတ်လ ၁၆ ရက်က စတင်ပြီး ပိတ်ထားကာ ရုပ်ရှင်ရုံဝန်ထမ်းများကို ပုံမှန်အတိုင်း အလုပ်ဆင်းစေမည်ဖြစ်သည်။ လစာဖြတ်တောက်ခြင်းမျိုး ပြုလုပ်မည်မဟုတ်ကြောင်း မြိတ်မင်္ဂလာသရီးဒီ ရုပ်ရှင်ရုံမန်နေဂျာ ဦးအောင်မြင့်ဦးက ပြောသည်။

"ဘယ်အချိန်ထိ ပိတ်ထားရမယ်ဆိုတာ အတိအကျမသိသေးဘူး၊ လက်မှတ်တွေ ကြိုရောင်းထားတာအတွက်တော့ ငွေပြန်အမ်းလိုက်ပါပြီ" လို့ မြိတ်Hello  အဆင့်မြင့် သရီးဒီရုပ်ရှင်ရုံတာဝန်ခံ ကိုမျိုးထက်ဦးက ပြောသည်။

တနင်္သာရီတိုင်းဒေသကြီး ခရိုင်သုံးခုတွင် အဆင့်မြင့်ရုပ်ရှင်ရုံများကို ထားဝယ်တွင် တစ်ရုံနှင့် မြိတ်တွင် သုံးရုံ ဖွင့်လှစ်ထားပြီး မြန်မာတစ်နိုင်ငံ လုံးတွင်တော့ မင်္ဂလာရုပ်ရှင်ရုံအုပ်စု၊ JCGV နှင့်Paradiso ရုပ်ရှင်ရုံအုပ်စု များရှိကာ စုစုပေါင်း ရုပ်ရှင်ရုံ ၁၅၀ ဝန်းကျင် ရှိသည်။ မတ်လ ၁၆ ရက်မှ ဧပြီလ ၃၀ ရက်အတွင်း ရုံတင်ပြသရန် ဇာတ်ကားရှစ်ကားကို လျာထားသော်လည်း ရုပ်ရှင်ရုံများ ပြန်လည်ဖွင့်လှစ်ရန် ခွင့်ပြုချက်ရမှ အစဉ်လိုက် ပြသမည်ဖြစ်သည်။

ပြန်လည်ပြသခွင့်ရသည့် အချိန်တွင်လည်း ကျန်းမာရေး အခြေအနေ ပေါ် မူတည်ပြီး

"ကျွန်တော်တို့ဆီက နေတိုးရဲ့ ]ပြိုင်ဘက်} ဇာတ်ကား ရုံတင်ဖို့ရှိပါတယ်။ ခု ပြသဖို့ ရက်တွေ ရွှေ့ဆိုင်းလိုက်ရပေမဲ့ ထုတ်လုပ်သူတွေဘက်က နစ်နာမှုတော့ မရှိပါဘူး။ ရုပ်ရှင်ရုံပိုင်ရှင်တွေတော့ စီးပွားရေး ထိခိုက်မှုတွေ ရှိမှာပါ" ဟုBo Bo Film Production  က ကိုဘိုစန်းက ပြောသည်။

ရုပ်ရှင်ရုံများ ပြန်လည်ပြသခွင့်ရသည့် အချိန်တွင်လည်း ကျန်းမာရေး အခြေအနေပေါ် မူတည်ပြီး ရုပ်ရှင်အစည်းအရုံး၊ ပြန်ကြားရေးဌာနနှင့် ရုံပိုင်ရှင်များ တိုင်ပင်ညှိနှိုင်းကာ ကပ်ရောဂါအတွက် ကြိုတင်ပြင်ဆင်မှုများ 
ပြုလုပ်မည်ဖြစ်သည်။