မူဆယ်(၁၀၅)မိုင် သီးနှံအရောင်းကွင်းတွင် လူစုလူဝေး မဖြစ်ပေါ်စေရေး ကြေညာချက်ထုတ်

မူဆယ်(၁၀၅)မိုင် သီးနှံအရောင်းကွင်းတွင် လူစုလူဝေး မဖြစ်ပေါ်စေရေး ကြေညာချက်ထုတ်

သီးနှံများအရောင်းအဝယ်ပြုလုပ်သည့် မူဆယ်(၁၀၅)မိုင်နယ်စပ်ကုန်သွယ်ရေးဇုန်၊ အရှေ့မြောက်တံခါး သီနှံအရောင်းကွင်း၌ လူစုလူဝေးလျှော့ချသည့်အနေဖြင့် သစ်သီးပွဲရုံများက မိမိတို့ကုန်သည်/ တောင်သူများ အား အရောင်းစင်ပေါ်သို့ ခေါ်ဆောင်ခြင်းမပြုရန် သစ်သီးဝလံကုန်စည်ဒိုင်(မူဆယ်)က ယနေ့မတ်၁၈ ရက်တွင် ကြေညာချက်တစ်စောင်ထုတ်ပြန်လိုက်သည်။

အဆိုပါအရောင်းကွင်းတွင် ပြည်တွင်းမှ တရုတ်သို့တင်ပို့သည့် ဖရဲ သခွားစသည့်သီးနှံများကို တရုတ်ကုန်သည်များနှင့် အရောင်းအဝယ်ပြုလုပ်ခြင်းဖြစ်ပြီး ပုံမှန်အရောင်းအဝယ်ကာလများ၌ လူဦးရေ ၁၀ဝ၀ ဝန်းကျင်နေ့စဉ် ဝင် ထွက်မှုရှိသည်ဟု ဆိုသည်။

“ဒီရက်ပိုင်းတရုတ်ကုန်သည် ၂၀ဝ ကျော်လာတယ်။ပုံမှန်ဆို ၄၀ဝလောက်လာတာ။ပွဲရုံကြီး ၅ ခုကျော်မှာ တစ်ခုစီက ကုန်သည်နဲ့ အလုပ်သမားတွေ၊အေးဂျင့်တွေပေါင်းလိုက်ရင်လူ ၇၀ ကျော်နဲ့ တခြားအလုပ်သမား၊ ကားသမား၊အစိုးရဝန်ထမ်းတွေပေါင်းရင် ၁၀ဝ၀ လောက်ရှိတယ်။မလိုအပ်ဘဲ လူများတာမဖြစ်စေဖို့၊လူစုလူဝေးဖြစ်တယ်လို့ တရုတ်ဘက်က မပြောအောင် အဓိက လူစုလူဝေးလျှော့ချတာပါ”ဟု သစ်သီးဝလံကုန်စည်ဒိုင် (မူဆယ်)တာဝန်ခံ ဒေါ်ရီရီခိုင်က ပြောသည်။

ကျန်းမာရေးဝန်ကြီးဌာနညွှန်ကြားချက်အရ COVID-19 ကြိုတင်ကာကွယ်သည့်အနေဖြင့် လူစုလူဝေးလျှော့ချနိုင်ရန် မူဆယ်(၁၀၅)မိုင်အရောင်းကွင်းသို့ ဝင်ရောက်ရောင်းချသော သစ်သီးပွဲရုံ များသည် မိမိတို့၏ကုန်သည်/တောင်သူများကို အရောင်းစင်ပေါ်ခေါ်ဆောင်လာခြင်းမပြုရန်နှင့် အခြေအနေအရ ဂိတ်တံခါးမှ ကျော်လွန်၍ အရောင်းကွင်းပေါ်သို့ တက်ရောက်ခွင့်ပြုမည်မဟုတ်ကြောင်း ကြေညာချက်တွင် ပါရှိသည်။

“ဒီရက်ပိုင်း အသီးကားတွေအဝင်များနေလို့ လမ်းပေါ်မှာကို အစီးရေ ၁၀ဝ ကျော်လောက် ရှိနေပြီး ကုန်စိမ်းဆိုတော့ အချိန်လုသွားကြရတယ်။ကျန်းမာရေးစစ်တာကို တရုတ်က လည်းသူတို့ဘက်ခြမ်းနဲ့ မြန်မာဘက်ကလည်း လုပ်ပါတယ်။အရောင်းကွင်းမှာလည်း လုပ်တာရှိတယ်။ကိုယ့်ဘက် Safe ဖြစ်အောင် လုပ်ရမှာပါ”ဟု ၎င်းက ဆက်လက် ပြောကြားသည်။

လက်ရှိအချိန်ထိ မူဆယ်(၁၀၅)မိုင်တွင် သီးနှံတင်ဆောင်သည့် ကုန်တင်ယာဉ်အစီးရေမှာ နေ့စဉ် ၅၀ဝ ဝန်းကျင်ရှိနေပြီး အရှေ့မြောက်တံခါးသီးနှံအရောင်းကွင်းသို့ တရုတ်ကုန်သည်များလာရောက်ဝယ်ယူလျက်ရှိသည်။

လူစုလူဝေးအကြောင်းပြ၍ မလာရောက်တော့သဖြင့် တရုတ်နိုင်ငံတွင်းရှိ ဝမ်တိန်ကွင်း၌ အရောင်းအဝယ်ပြုလုပ်မည်ဆိုပါက မြန်မာကုန်သည်များအတွက် အခက်အခဲရှိနိုင်ကြောင်း သုံးသပ်မှုများလည်း ရှိသည်။

“မနက်အစောပိုင်းက တရုတ်ကုန်သည်တွေရောက်လာပြီး ပြန်ထွက်သွားတယ်။တရုတ်ဘက်က ၁၄ ရက်စောင့် ကြည့်မယ်ကြားတော့ ရုတ်ရုတ် ရုတ်ရုတ် ဖြစ်ခဲ့တယ်။ဒီနေ့ ရွေလီမှာ အစည်းအဝေးရှိပြီး ညပိုင်းလောက်မှ အခြေအနေ မှန်သိရမယ်။ဖရဲသီးရော၊သခွားရောဆိုတော့ မြန်မာကုန်သည်တွေ တအားများတယ်။ပွဲရုံတစ်ရုံမှာ မရှိဘူးဆို တောင် အယောက် ၅၀ ကျော်ရှိတယ်။ ကြေညာချက်က လူစုလူဝေးနည်းသွားဖိုု့့ လုပ်တာဖြစ်မှာပါ” ဟု မိန်းမိန်းသစ်သီးပွဲရုံ(မူဆယ်)မှ ဦးထွန်းက ပြောသည်။

အရှေ့မြောက်တံခါးသီးနှံအရောင်းကွင်း၌ ကုန်တင်ယာဉ်များအတွက် နေရာ ၁၂ ခုထားရှိပြီး အရောင်းစင်ပေါ်မှ တရုတ်ကုန်သည်များ၊ မြန်မာကုန်သည်နှင့်တောင်သူများ၊ပွဲရုံများမှ စာရေးနှင့်အလုပ်သမားများ၊ပွဲစားများ၊ အေးဂျင့်များ၊အကောက်အခွန်စစ်ဆေးရန် ထားရှိသည့် အလုပ်သမားများနှင့် ဝန်ထမ်းများအပြင် ကုမ္ပဏီဝန်ထမ်းများရှိရာ လူဦးရေ တစ်ထောင်ဝန်းကျင် နေ့စဉ်ရှိနေသည်ဟု ဆိုသည်။

 



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး