မူဆယ် နယ်စပ်ဂိတ် ပိတ်ထားခြင်းမရှိဘဲ ပုံမှန်ဝင်ထွက်နေ

မူဆယ် နယ်စပ်ဂိတ် ပိတ်ထားခြင်းမရှိဘဲ ပုံမှန်ဝင်ထွက်နေ

မြန်မာ-တရုတ် မူဆယ်နယ်စပ်ဂိတ် ပိတ်ထားခြင်းမရှိဘဲ ပုံမှန်ဝင်ထွက်သွားလာလျက်ရှိပြီး တရုတ်နိုင်ငံဘက်မှ အလုပ်သမားလိုအပ်ချက်အရ ဝင်ထွက်သွားလာသူ ပို၍ ပင်များပြားနေကြောင်း မူဆယ်မြို့ကရုဏာ လူမှုကူညီရေးအသင်းမှ ဦးသောင်းထွန်းက မြန်မာတိုင်းမ်သို့ ပြောသည်။
 

မူဆယ်နယ်စပ်ဂိတ်များပိတ်ကြောင်း လူမှုကွန်ရက်တွင် ရေးသားဖော်ပြမှုများသည် မှန်ကန်မှုမရှိဘဲ ယနေ့ မတ် ၁၈ရက်နံနက်ပိ်ုင်းက ဖရဲ၊ သခွားဝယ်ယူသည့် တရုတ်ကုန်သည်များက ၎င်းတို့ နိုင်ငံဘက် ပြန်သွားခြင်း အပေါ် ယင်းကဲ့သို့ ရေးသားမှုများရှိလာသည်ဟု ဆိုသည်။

“မူဆယ်နယ်စပ်ဂိတ် ၃ ခုလုံး ဖွင့်တယ်။အရင်ရက်တွေထက်တောင်ပိုများနေတာပါ။ဖြစ်သွားတာက အသီးဝယ်တဲ့ တရုတ်ကုန်သည်တွေ မနက်အစောကြီးဘဲ အသီးဝယ်ဖို့ရောက်လာတယ်။သူတို့နိုင်ငံဘက်က အပြင်ထွက်ပြီး ပြန်ဝင်ရင် ၁၄ ရက်စောင့်ကြည့်လုပ်မယ်ဆိုတဲ့ သတင်းကြောင့် ကြောက်ပြီး ချက်ချင်းပြန်ပြေးသွားတာကို ပိတ်တယ်ဆိုပြီး လိုင်းပေါ်ပျံ့နေတယ်။အဲဒါမဟုတ်ဘူး”ဟု ၎င်းက ပြောသည်။

တရုတ်နိုင်ငံ ရွှေလီမြို့တွင် ယနေ့ပြုလုပ်သည့်အစည်းအဝေး၌ လေကြောင်းလိုင်းဖြင့် တရုတ်နိုင်ငံသို့ ရောက်ရှိသူများအား ၁၄ ရက်စောင့်ကြည့်မှုပြုလုပ်မည်ဖြစ်ပြီး နယ်စပ်လမ်းကြောင်းမပါဝင်ဟု သိရသဖြင့် တရုတ်ကုန်သည်များပုံမှန်လာရောက်မည်ဟု ၎င်းက ဆက်လက်ပြောကြားသည်။

တရုတ်သီးနှံကုန်သည်များ ၎င်းတို့နိုင်ငံဘက် ပြန်သွားသောကြောင့် မူဆယ်(၁၀၅)မိုင် သီးနှံအရောင်းကွင်းတွင် ရောက်ရှိနေသည့် ဖရဲ သခွားများကို တရုတ်ပြည် ဝမ်တိန်ကွင်းသို့ သွားရောက်ရောင်းချခဲ့ကြကြောင်း၊မူဆယ် (၁၀၅)မိုင် သီးနှံကုန်စည်ဒိုင်ကလည်း သီးနှံအရောင်းကွင်းတွင် လူစုလူဝေးမဖြစ်စေရန် ကြေညာချက်တစ်စောင် ကို ယနေ့နံနက်ပိုင်းက ထုတ်ပြန်ခဲ့ကြောင်း သိရသည်။

“မနက်စောပိုင်းက တရုတ်ကုန်သည်တွေ သီးနှံအရောင်းကွင်းရောက်လာပြီးတော့ ပြန်ထွက်သွားလို့ ဝမ်တိန် ဘက်ထိ ကားတွေဝင်ပြီး ရောင်းကြတာပါ။ ဒီဘက်လာတဲ့ သူတွေ ပြန်ဝင်လာရင် ၁၄ ရက်စောင့် ကြည့်မယ် ကြားလို့ ရုတ်ရုတ် ရုတ်ရုတ် ဖြစ်သွားတယ်။ဒီနေ့ လည်မှာ အစည်းအဝေးလုပ်တယ်လို့ ကြားတယ်”ဟု မိန်းမိန်းသစ်သီးပွဲရုံ(မူဆယ်)မှ ဦးထွန်းက ပြောသည်။

မူဆယ်မြို့နှင့် ပတ်ဝန်းကျင်မှ ပရဟိတအသင်း ၁၇ သင်းသည် ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ရေးအတွက် နယ်စပ် ဂိတ်မှ ဝင်ထွက်သူများအား ကိုယ်ပူချိန်တိုင်းခြင်း၊လက်ဆေးဂျယ်ဖြင့် လက်ဆေးပေးခြင်း၊Mask ဖြန့်ဝေခြင်းတို့ ကို ဌာနဆိုင်ရာတို့နှင့် ပူးပေါင်းလုပ်ဆောင်နေသည်မှာ ၂ လခန့်ကြာပြီဟု သိရသည်။

 



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး