ဥရောပသမဂ္ဂမြန်မာရုံးအပါအဝင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဘဏ်နှင့် ဆက်သွယ်ရေး ကုမ္ပဏီများအပါအဝင် အခြားကုမ္ပဏီများက ၎င်းတို့၏ ဝန်ထမ်းများအား အိမ်မှအလုပ်လုပ်စေသည့် စနစ် စတင်ကျင့်သုံးနေပြီဖြစ်ကြောင်း ယင်းကုမ္ပဏီများရှိ တာဝန်ရှိသူများက မြန်မာတိုင်းမ်သို့ မတ် ၁၉ ရက်တွင် ပြောကြားသည်။
အချို့သော ဆက်သွယ်ရေးကုမ္ပဏီများနှင့် ကုမ္ပဏီများက အိမ်မှ အလုပ်လုပ်စေသည့်စနစ်ကို မတ် ၁၈ ရက်မှစတင်၍ စမ်းသပ်လုပ်ကိုင်စေပြီဖြစ်ပြီး အစိုးရ၏ ထုတ်ပြန် ကြေညာချက်များအပေါ် မူတည်၍ ပြောင်းလဲ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ယင်းကုမ္ပဏီများ၏ တာဝန်ရှိသူများက ဆိုသည်။
" ဘဏ်တချို့တော့ အစမ်း စ လုပ်နေပြီ။ ကျွန်တော်တို့တော့ မလုပ်သေးဘူး။ Work from Home တော့ အကုန်လုပ်လို့ မရသေးဘူး။ ဘဏ်က ငွေသား လက်ခံထုတ်ပေးရတာကိုး " ဟု နေပြည်တော်စည်ပင် သာယာရေး ဘဏ်ဥက္ကဋ္ဌ ဦးရဲမင်းဦးက ပြောသည်။
အချို့ဘဏ်များတွင်လည်း COVID 19 ရောဂါ ကာကွယ်ရေးနိုင်ရေးအတွက် အစီအစဉ်များ ရေးဆွဲနေပြီး လိုအပ်ပါက ဝန်ထမ်းများကို အိမ်မှအလုပ်လုပ်စေသည့် စနစ်ကို စတင်အကောင်အထည် ဖော်မည်ဖြစ် ကြောင်း ဘဏ်များ၏ ပြောရေးဆိုခွင့်ရှိသူများက မြန်မာတိုင်းမ်သို့ ပြောကြားသည်။
" လတ်တလောတော့ လူတွေကို လေးပေခွဲ လောက်ခြားပြီး နေစေတာမျိုး၊ ထမင်းစားရင် လူအများကြီး မစားစေဘဲ အသုတ်လိုက်ခွဲ စားစေတာမျိုးတွေတော့ ကျွန်တော်တို့ ဘဏ်မှာလုပ်နေပါပြီ " ဟု CB ဘဏ် ဦးဆောင်ညွှန်ကြားရေးမှူး ဦးဖေမြင့်က ပြောသည်။
လတ်တလော ဗဟိုဘဏ်က COVID 19 ကာကွယ်ရေးအတွက် ဘဏ်များက မည်သို့ လုပ်ဆောင်နေသည်ကို တင်ပြခိုင်းထားသည့်အတွက် COVID 19 ကာကွယ်ရေး အစီအစဉ်များ ရေးဆွဲနေကြောင်း MOB ဘဏ်မန်နေဂျာ ဉီးကြည်ညွန့်က ပြောသည်။
ပုဂ္ဂလိက ဘဏ်ဝန်ထမ်းများကို ကျန်းမာရေးဝန်ကြီးဌာနနှင့် ချိတ်ဆက်၍ COVID 19 သိကောင်းစရာများကို အသိပေးရှင်းလင်းပွဲများပြုလုပ်ပြီးဖြစ်သကဲ့သို့ ဘဏ်သို့ လာရောက်သည့် သုံးစွဲသူများကိုလည်း လက်ကမ်းစာစောင်များဝေငှခြင်း၊ ကိုယ်အပူချိန် တိုင်းခြင်း၊ Hand Gel ထားပေးခြင်း၊ နှာခေါင်းစည်းများ ပေးဝေထားခြင်းကိုလည်း စီမံထားပြီး ဘဏ်အတွင်း လူစုလူဝေးဖြစ်ပေါ်မှုကို လျှော့ချနိုင်ရန် ATM နှင့် Mobile Banking များကို ပိုမိုအသုံးပြုနိုင်ရန် ပြင်ဆင်ထားကြောင်း သိရသည်။
မြန်မာနိုင်ငံရှိ ဆက်သွယ်ရေးကုမ္ပဏီများတွင် အူရီဒူးနှင့် တယ်လီနောမြန်မာကုမ္ပဏီတို့က ဝန်ထမ်းများအတွက် COVID 19 ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို လုပ်ဆောင်နေပြီဖြစ်ကြောင်း ယင်းကုမ္ပဏီများထံမှ သိရသည်။
အူရီဒူးမြန်မာကုမ္ပဏီသည် ၎င်းတို့ကုမ္ပဏီမှ ဝန်ထမ်းများအား အိမ်မှအလုပ်လုပ်စေသည့် စနစ်ကို မတ် ၁၈ ရက်နေ့မှစတင်၍ မတ် ၂၀ ရက်နေ့အထိ သုံးရက်စမ်းသပ် ထားကြောင်း ယင်းကုမ္ပဏီ၏ လူမှုဆက်ဆံရေး အကြီးတန် မန်နေဂျာ ဒေါ်မေမျိုးဟန်က ပြောသည်။
" ဒီဂျစ်တယ်ချန်နယ်တွေဖြစ်တဲ့ စကိုက်ပ်၊ ဗိုက်ဘာ၊ ဝှက်စ်အပ်တို့ကနေ တစ်ယောက်နဲ့ တစ်ယောက် ဗွီဒီယိုကွန်ဖရန့်ခေါ်တာမျိုးတွေ၊ ဆက်သွယ်တာမျိုးတွေ ကြိုတင်စမ်းသပ်တယ်။ လေ့ကျင့်တယ်။ အီးမေးလ်နဲ့ အလုပ်လုပ်တယ် " ဟု ၎င်းက ပြောသည်။
တယ်လီနောမြန်မာကလည်း ဝန်ထမ်းများ အိမ်မှ သို့မဟုတ် သီးခြားနေရာများမှ အလုပ်လုပ်နိုင်ရန် စီစဉ်နေပြီး ရုံးသို့ လာရောက်လုပ်ကိုင်ရသော ဝန်ထမ်းအရေအတွက် ပုံမှန်ထက် လျော့နည်းသွားအောင် လုပ်ဆောင်လျက်ရှိကြောင်း ယင်းကုမ္ပဏီ လူမှုဆက်ဆံရေး အကြီးအမှူး ဒေါ်နုယဉ်မြင့်က မြန်မာတိုင်းမ်သို့ ပြောသည်။
တယ်လီနော မြန်မာရုံးကို ဆက်လက် ဖွင့်လှစ်ထားသော်လည်း ဝန်ထမ်း အချင်းချင်း၊ ပြင်ပဧည့်သည့်များနှင့် တိုက်ရိုက်ထိတွေ့ ဆက်ဆံခြင်းတို့ကို တတ်နိုင်သမျှ အနည်းဆုံးဖြစ်စေရန် လျှော့ချ လုပ်ဆောင်လျက်ရှိပြီး Video Conferencing System နှင့် Virtual အထောက်အကူပြုပစ္စည်းများကို တပ်ဆင်ပြီး လုပ်ငန်းများအတူတကွ ဆက်လက်ဆောင်ရွက်နေကြောင်း ဒေါ်နုယဉ်မြင့်က ဆိုသည်။
ဥရောပသမဂ္ဂ မြန်မာရုံးက ၎င်းတို့၏ ဝန်ထမ်းများအား မတ် ၁၉ ရက်မှစတင်၍ အိမ်မှအလုပ်များ ဆောင်ရွက်စေမည်ဖြစ်ကြောင်း မတ် ၁၈ ရက်က ထုတ်ပြန်လိုက်သည်။ ရုံးကိုမူ အဓိကကျသည့် ဝန်ထမ်းအနည်းငယ်ဖြင့် ဆက်လက်ဖွင့်ထားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်အတွင်း ဖော်ပြထားသည်။
ထို့ပြင် လူမှုကူညီရေးအဖွဲ့အစည်းတစ်ခုဖြစ်သည့် ဖန်တီးရာအဖွဲ့က မတ် ၁၈ ရက်မှစ၍ ရုံးပိတ်ကာ ဝန်ထမ်းများအား အိမ်မှ အလုပ်လုပ်စေသည့်စနစ်ကို စတင်ခဲ့ပြီး ယင်းစနစ်ကို မတ် ၃၁ ရက်အထိ သတ်မှတ်ထားကြောင်း သိရသည်။
" ကျွန်မတို့ ရုံးတစ်ခုလုံးကိုတော့ ပိတ်လိုက်ပြီ။ အခုလ ၃၁ ရက်အထိ အိမ်မှာပဲ အလုပ်လုပ်ကြ ရမယ်။ အခြေအနေကို ပြန်စမ်းစစ်ပြီး ဘယ်လိုဆက်လုပ် ရမလဲဆိုတာ ပြန်ထုတ်ပြန်သွားမှာပါ " ဟု ဖန်တီးရာ၏ တာဝန်ရှိသူ ဒေါ်မြတ်သိင်္ဂီက ပြောသည်။
လတ်တလော သတင်းမီဒီယာကုမ္ပဏီအချို့တွင်လည်း ဝန်ထမ်းများအား အိမ်မှ အလုပ်လုပ်သည့် စနစ်ကို စတင်နေပြီဖြစ်ကြောင်း သိရသည်။ ယင်းတို့အထဲတွင် DVB သတင်းမီဒီယာကုမ္ပဏီ၌ ယင်းစနစ်ကို မတ် ၁၈ ရက်မှ စတင်နေပြီဖြစ်ကြောင်း DVB ၏ အယ်ဒီတာတစ်ဦး ဖြစ်သည့် ကိုဇင်မောင်က ပြောသည်။
" ရုံးမှာ ဝန်ထမ်းများတာကိုတော့ ပြီးခဲ့တဲ့တစ်ရက်လောက်ကစပြီး အိမ်ကနေ အလုပ်လုပ်တာမျိုးနဲ့ လျှော့ချတာရှိတယ်။ အလုပ်ကိုတော့ မလျှော့ဘူး။ အင်တာနက်စတဲ့ လိုအပ်တဲ့ အစီအမံလေးတွေ လုပ်ပေးထားတယ်။ လူစုလူဝေးနဲ့ပတ်သက်တဲ့ သတင်းတွေလိုက်မယ်ဆိုရင်တော့ နှာခေါင်းစည်းတပ်ဖို့၊ မကြာခဏလက်ဆေးဖို့၊ ကိုယ်အပူချိန် တိုင်းတာဖို့၊ ဘတ်စ်ကားစီးတာ ရှောင်ဖို့တော့ သတိပေးညွှန်ကြားထားတယ် " ဟု ကိုဇင်မောင်က ပြောသည်။ ထို့ပြင်အခြားသော သတင်းမီဒီယာကုမ္ပဏီများတွင်လည်း ၎င်းတို့၏ ဝန်ထမ်းများအတွက် COVID 19 ရောဂါကာကွယ်ရေးများ လုပ်ဆောင်ပေးလျက်ရှိကြောင်း သိရသည်။
လူအများနှင့်ဆက်ဆံနေရသည့် ရန်ကုန်မြို့အတွင်းရှိ ဟိုတယ်များတွင်လည်း COVID 19 ရောဂါ ကာကွယ်ရေး လုပ်ငန်းများလုပ်ဆောင်လျက်ရှိကြောင်း မြန်မာနိုင်ငံ ဟိုတယ်ဆိုင်ရာ လုပ်ငန်းရှင်များ အသင်းချုပ်ထံမှ သိရသည်။
" ဝန်ထမ်းပိုင်းတွေကတော့ ဟိုတယ်တစ်ခုချင်းစီကနေ သူတို့ရဲ့ တတ်နိုင်တဲ့ငွေအပေါ် မူတည်ပြီးတော့ စီစဉ်ကြမယ့် သဘောမှာ ရှိတယ်။ များသောအားဖြင့် ၁၅ ရက်ဆင်း ၁၅ ရက်နားဆိုတာ ဖြစ် လား။ ဒါမှမဟုတ်ရင် ၆၅ ရာခိုင်နှုန်းပဲ ဆင်းခိုင်းတော့မလားပေါ့နော် " ဟု မြန်မာနိုင်ငံ ဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များ အသင်းချုပ် ဥက္ကဋ္ဌ ဉီးအောင်မျိုးမင်းဒင်က ပြောသည်။
လက်ရှိ ဟိုတယ်များတွင် COVID 19 ကာကွယ်ရေးနှင့်ပတ်သက်၍ ကြိုတင် လုပ်ဆောင်နေကြပြီဖြစ်ပြီး သန့်ရှင်းရေး၊ ဧည့်သည်အဝင်အထွက်၊ သံသယလူနာတွေ့ပါက မည်သို့လုပ်ဆောင်ရန် အစရှိသည်များကို လုပ်ဆောင်ရန် ပြင်ဆင်နေကြောင်း ၎င်းက ပြောသည်။
" လုပ်ငန်းပိုင်းဆိုင်ရာကတော့ တော်တော်လေး ကျဆင်းနေပြီ။ မနက်မိုးလင်းလို့ အီးမေးလ် ဖွင့်လိုက်တာနဲ့ Cancellation တွေက တန်းစီဖတ်ရတာ။ တချို့ရက်တွေဆိုရင် ဟိုတယ်တော်တော်များများက လုံးဝဧည့်သည် အခန်းမရှိတဲ့ ရက်တွေတောင် ရှိလာတာတွေဖြစ်လာပြီ။ အထူးသဖြင့် မတ် ၁၇ ရက်နောက်ပိုင်းမှာ တော်တော်ကြီးကို အခြေအနေ ဆိုးဆိုးရွားရွား ကျသွားတာ " ဟု လုပ်ငန်းပိုင်းဆိုင်ရာနှင့် ပတ်သက်၍ ဉီးအောင်မျိုးမင်းဒင်က ပြောသည်။
ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနသည် ဌာနမှဖွင့်လှစ်နေသော သင်တန်းများအားလုံးကို မတ်လ ၁၇ ရက်မှ ဧပြီလ ၃၀ ရက်နေ့အထိ ခေတ္တရပ်ဆိုင်းလိုက်ပြီး ယင်းရပ်ဆိုင်းကာလသည် အခြေအနေပေါ်မူတည်၍ ထပ်မံတိုးမြှင့်လာနိုင်ကြောင်း ထုတ်ပြန်ထားသည်။

















