ကူးစက်မြန် COVID-19 ဖြစ်ပွားနေ၍ ကမ္ဘာ့နိုင်ငံများ၌ အားကစား ပြိုင်ပွဲများနှင့်ဘောလုံးပြိုင်ပွဲများ ရွှေ့ဆိုင်းထားသည့်အချိန် အခြားနိုင်ငံများနှင့်မတူဘဲ တူရကီနိုင်ငံ၌ ဘောလုံးပွဲများ ဆက်လက်ကျင်းပနေ ခဲ့ရာ လက်ရှိအချိန်တွင် ဘောလုံးပွဲအပါအဝင် ဘတ်စကက်ဘောနှင့် ဘော်လီဘောပွဲများကို ရွှေ့ဆိုင်းရန် ဆုံးဖြတ်ခဲ့သည်။
တူရကီဘောလုံးအဖွဲ့ချုပ်တာဝန် ရှိသူများသည် နိုင်ငံအတွင်း COVID-19 ကူးစက်မှုရှိနေသည်ကို ဂရုမစိုက် ဘဲ တူရကီစူပါလိဂ်ပြိုင်ပွဲအပြင် လိဂ် လေးခုဘောလုံးပွဲများကို တံခါးပိတ် ကစားစေခဲ့ခြင်းဖြစ်သည်။ နိုင်ဂျီးရီးယားကစားသမား တစ်ဦးဖြစ်သော မီခေးလ်က ဘောလုံးပွဲများဆက်လက် ကျင်းပနေ၍ တာဝန်ရှိသူများကိုဝေဖန် ခဲ့ပြီး ၎င်းပါဝင်ကစားနေသည့် ထရက် ဇွန်စပေါအသင်းနှင့်လည်း စာချုပ် ဖျက်သိမ်းခဲ့သည်။ အပြည်ပြည်ဆိုင်ရာ ပရော်ဖက်ရှင်နယ်ကစားသမားအစည်း အရုံးက COVID-19 ကြောင့် တူရ ကီရှိဘောလုံးပွဲများကို ရွှေ့ဆိုင်းရန် တောင်းဆိုခဲ့ကြသည်။
ဘောလုံးပွဲများရွှေ့ဆိုင်းရန် ဖိအား ပေးခံရမှုများ ကြုံတွေ့ခဲ့ပြီးနောက် တူရကီဘောလုံးအဖွဲ့ချုပ် တာဝန်ရှိသူများက နိုင်ငံအတွင်း ကျင်းပနေသော ဘောလုံးပြိုင်ပွဲများကို ရွှေ့ဆိုင်းရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။ တူရကီနိုင်ငံ သမ္မတ ရီဆပ်တေရစ်အာဒိုဂန်သည် ကြာသပတေးနေ့က မြို့တော်အန်ကာ ရာ၌ လူငယ်နှင့်အားကစားဝန်ကြီး ဒေါက်တာကာဆာပိုဂလူနှင့် တွေ့ဆုံ ဆွေးနွေးခဲ့ပြီးနောက် ဘောလုံးအဖွဲ့ချုပ်က ပွဲများ ရွှေ့ရန်ဆုံးဖြတ်ခဲ့သည်။
တူရကီနိုင်ငံအတွင်း COVID-19 ကူးစက်ခံရသူအယောက် ၃ဝဝ ကျော် ရှိနေပြီး လူလေးဦး အသက်သေဆုံးခဲ့ပြီး ဖြစ်ကြောင်း သိရသည်။ COVID-19 ဖြစ်ပွားနေသည့်အချိန် ဘောလုံးကစားရန် ငြင်းဆန်ခဲ့သည့် မီခေးလ်က ထရက် ဇွန်စပေါအသင်းသို့ ပြန်သွားတော့ မည်မဟုတ်ကြောင်း ပြောကြားခဲ့သည်။
တူရကီစူပါလိဂ်ကလပ် ဘီဆစ် တပ်၌ကစားနေသော ဂိုးသမားကာရီ ရက်စ်က လက်ရှိအခြေအနေတွင် ဘောလုံးကစားရန် ဆန္ဒမရှိကြောင်း အင်စတာဂရမ်၌ ပို့စ်တင်ခဲ့သည်။ COVID-19 ကြောင့် ယူရို ၂ဝ၂ဝ ပြိုင်ပွဲအပါအဝင် ကိုပါအမေရိကပြိုင်ပွဲ ကို ၂ဝ၂၁ ခုနှစ်အထိရွှေ့ဆိုင်းခဲ့ပြီး ဥရောပထိပ်တန်းလိဂ်ငါးခုကိုလည်း ရွှေ့ဆိုင်းခဲ့သည်။















