ပွဲများမရှိသော်လည်း ပွဲနေ့အလုပ်လုပ်ရသည့် အလုပ်သမားများကို လစာပေးမည်ဟု မန်ယူကြေညာ

ပွဲများမရှိသော်လည်း ပွဲနေ့အလုပ်လုပ်ရသည့် အလုပ်သမားများကို လစာပေးမည်ဟု မန်ယူကြေညာ

ဗြိတိန်၌ COVID-19ကြောင့် အားကစားပြိုင်ပွဲများအပါအဝင် ဘော လုံးပြိုင်ပွဲများ ရွှေ့ဆိုင်းထားရာ မကြာမီကပင် ပရီးမီးယားလိဂ် ဘောလုံးပွဲများကို လာမည့်ဧပြီ ၃ဝ ရက်အထိ ထပ်မံရွှေ့ဆိုင်းလိုက်ကြောင်း ကြေညာခဲ့ပြီးနောက် သက်ဆိုင်ရာပရီးမီးယား လိဂ်နေ့စား အလုပ်သမားများအတွက် လစာကိစ္စရပ် စိုးရိမ်စရာဖြစ်ခဲ့သော်လည်း မန်ယူကမူ မူလခံစားခွင့်အတိုင်း လစာပေးသွားမည်ဟု ကြေညာခဲ့သည်။

အင်္ဂလန်ရှိ ဘောလုံးပွဲများကို ဧပြီ ၃ဝ ရက်အထိ ရွှေ့ဆိုင်းထားရာ COVID-19 အခြေအနေပေါ်မူတည်၍ သတ်မှတ်ရက်အတိုင်း ပြန်လည်ကစားရန်မှာ စောင့်ကြည့် ရဦးမည်ဖြစ်သည်။ COVID-19 ကူးစက်မှု အခြေအနေ ပိုမိုဆိုးရွားလာပါက အင်္ဂလန်ပရီးမီးယား လိဂ်ပြိုင်ပွဲမှာ ယခုနှစ်အတွင်း ပြီးဆုံးအောင်ကျင်းပနိုင်ရန်မှာ မသေချာပေ။ COVID-19 ကြောင့် ပရီးမီး ယားလိဂ်ဘောလုံးပြိုင်ပွဲများကို ကွင်းပိတ်ကစားရန် အခြေအနေရှိကြောင်းလည်း ထင်ကြေးပေးနေကြသည်။

မန်ယူအသင်းသည် အိုးထရက် ဖို့ဒ်၌ ပွဲကစားသည့်နေ့တွင် တာဝန်ထမ်း ဆောင်ရသော အသင်းရှိအလုပ်သမားများကို မူလအတိုင်း လစာပေးသွားမည် ဖြစ်ကြောင်း ကြေညာချက်ထုတ်ပြန်ခဲ့သည်။ အသင်းပရိသတ်များ ဆားဗစ်အတွက် အသင်းအလုပ်သမားများ၏ အခန်းကဏ္ဍက လွန်စွာအရေးပါကြောင်း မန်ယူက အသိပေးထားသည်။

COVID-19 ကြောင့် ရာသီကုန် အထိ ပရိသတ်မပါဘဲ တံခါးပိတ်ကစား သည်ဖြစ်စေ၊ ပွဲဖျက်လိုက်သည်ဖြစ်စေ မန်ယူ၏နေ့စားအလုပ်သမား ၃ဝဝဝ မှာ ခံစားခွင့်အတိုင်း လစာရရှိနေမည် ဖြစ်ပြီး မန်ယူအသင်းမှာ အလုပ်သမား ၃ဝဝဝ ကျော်အတွက် ပေါင်တစ်သန်း ကျော် ကုန်ကျခံရမည်ဖြစ်သည်။

မန်ယူအသင်းအပြင် လီဗာပူး အသင်းကလည်း ပရီးမီးယားလိဂ် ဘောလုံးပွဲများ ရွှေ့ဆိုင်းထားစဉ် အတောအတွင်း အန်းဖီးလ်၌ကစားမည့်ပွဲများအတွက် အလုပ်သမားများကို လစာပေးချေမည်ဖြစ်ကြောင်း သိရသည်။ ထို့ကြောင့် လီဗာပူးအသင်း ၏အလုပ်သမားများမှာ COVID-19 ကြောင့် ပွဲများမရှိသည့်တိုင် ပွဲနေ့ရရှိမည့်ငွေကြေးကို အပြည့်အဝခံစား ရမည်ဖြစ်သည်။

လီဗာပူးသည် လာမည့်ခြောက်ပတ် ကျော်အတွင်း အိမ်ကွင်းသုံးပွဲအတွက် လစာပေးချေမည်ဖြစ်ပြီး ကုန်ကျစရိတ် ပေါင် ၇၅၀,၀၀၀ ရှိမည်ဟု သိရသည်။

 



ဖတ်ရှုမှုအများဆုံး