ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံတွင် COVID- 19 စောင့်ကြည့်လူနာ သေဆုံးသည်ဟုဆိုကာ ဗီဒီယိုဖိုင်နှင့်တကွ မတ် ၁၉ ရက်ကတည်းက လူမှု ကွန်ရက်၌ ပျံ့နှံ့ခဲ့ရာ မဟုတ်မှန်ကြောင်း ပြည်သူ့ကျန်းမာရေး ဦးစီးဌာန ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနခွဲမှ ညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးက ၎င်း၏လူမှုကွန်ရက်မှတစ်ဆင့် ပြန်လည်ရှင်းလင်းထားသည်။
ယင်းလူနာနှင့်ပတ်သက်သောသတင်းများ အား မတ် ၁၈ ရက်ထုတ် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်တွင် ပါရှိခဲ့ကြောင်း၊ ယင်းလူနာသည် မူလကတည်းက Down’s Syndrome ဟုခေါ်သည့် ရောဂါခံစား နေရသူဖြစ်ပြီး သေဆုံးရခြင်းမှာ သွေးဖြူဥအလွန် အမင်း မြင့်တက်ခြင်း၊ သွေးဆိပ်တက်ခြင်းနှင့် အဆုတ်ရောင်ခြင်းတို့ကြောင့် သေဆုံးရခြင်းဖြစ်ပြီး COVID-19 ကြောင့် မဟုတ်ကြောင်း ပြန်ကြားထားသည်ဟု ၎င်းက ရှင်းလင်းခဲ့သည်။
မတ် ၁၈ ရက် ည ၈ နာရီ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် မင်္ဂလာဒုံမြို့နယ်တွင်နေထိုင်သော အသက်(၄၀)နှစ်အရွယ် အမျိုးသားတစ်ဦးသည် ဖျားခြင်း၊ ချောင်းဆိုးခြင်း၊ အသက်ရှူ ခက်ခဲခြင်း စသောလက္ခဏာများဖြင့် မတ် ၁၇ ရက်တွင် မြောက်ဥက္ကလာပသင်ကြားရေးနှင့် အထွေထွေရောဂါကုဆေးရုံကြီးသို့ သွားရောက်ပြသခဲ့ရာ စောင့်ကြည့်လူနာအဖြစ် သတ်မှတ်၍ လိုအပ်သော ကုသမှုများပေးနေစဉ် မတ် ၁၇ ရက် ည ၉ နာရီခွဲတွင် သေဆုံးသွားခဲ့ကြောင်းဖော်ပြခဲ့သည်။
ယင်းလူနာတွင် ရောဂါအခံရှိပြီး သေဆုံးရသောအကြောင်းရင်းမှာ ကနဦး သုံးသပ်ချက်နှင့် စစ်ဆေးချက်များအရ သွေးတွင်းသွေးဖြူဥ အလွန်အမင်း မြင့်မားပြီး သွေးဆိပ်တက်ခြင်းနှင့် အဆုတ်ရောင်ခြင်း လက္ခဏာများကြောင့် ဖြစ်နိုင်ပြီး ၎င်းထံမှ ဓာတ်ခွဲနမူနာရယူ၍ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန(ရန်ကုန်)သို့ပေးပို့စစ်ဆေးခဲ့ရာ COVID-19 မတွေ့ရှိရကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနက ထုတ်ပြန်ခဲ့သည်။
















