အမျိုးသားတစ်ဦးက ဆွဲကြိုးချသေဆုံးချင်ကြောင်း ၎င်း၏ဇနီးဖြစ်သူကို ပြောပြခဲ့ပြီးနောက် မိမိကိုယ်ကိုယ်သေကြောင်းကြံစည်မှု မတ် ၂၀ ရက်တွင် ကော့သောင်းမြို့၌ ဖြစ်ပွားခဲ့သည်။
မတ် ၂၀ ရက် ညနေ ၆ နာရီခန့်တွင် တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့၊ဘန်းချွန်ကျေးရွာအုပ်စု၊(၁၅)မိုင်ကျေးရွာတွင် လူတစ်ဦးဆွဲကြိုးချ သေဆုံးကြောင်းသတင်းအရ စခန်းမှူးဒုရဲမှူးမြင့်အောင်နှင့်အဖွဲ့က သွားရောက်စစ်ဆေးခဲ့သည်။
သေဆုံးသူမှာ ပန်းရံလုပ်ကိုင်သူ မောင်လှထွေး(၂၀)နှစ်ဖြစ်ပြီး နိုင်လွန်ကြိုးကို အသုံးပြုကာ နေအိမ်သစ်သားထုပ်တန်းတွင် ဆွဲကြိုးချသေဆုံးသည့် လက္ခဏာများဖြင့် သေဆုံးနေသည်ကို သက်ဆိုင်ရာက တွေ့ရှိခဲ့သည်။
သက်ဆိုင်ရာ၏စုံစမ်းချက်အရ ညနေ၄နာရီခန့်တွင် မောင်လှထွေး၏ ဇနီးဖြစ်သူ မမြတ်စုမွန်သည် နေအိမ်တံခါး ပိတ်ကာ လမ်းထိပ်ရေတွင်း၌ ရေသွားချိုးနေစဉ် မောင်လှထွေးက အလုပ်မှနေအိမ်သို့ ပြန်လာသည်ကိုတွေ့ရှိရကြောင်း၊ မိနစ်(၃၀)ခန့်အကြာ ရေချိုးပြီးသဖြင့် မမြတ်စုမွန်က နေအိမ်သို့ပြန်လာစဉ် မောင်လှထွေးမှာ ဆွဲကြိုးချသေဆုံးနေသည်ကို တွေ့ရှိရခြင်းဖြစ်ကြောင်း သက်ဆိုင်ရာထံ ထွက်ဆိုခဲ့သည်။
သေဆုံးသူသည် ဆွဲကြိုးချသေချင်သည်ဟု လွန်ခဲ့သော(၂)ရက်ခန့်ကတည်းက ဇနီးကိုပြောကြားခဲ့ကြောင်းလည်း စစ်ဆေးပေါ်ပေါက်ခဲ့သည်။
အလောင်းကို ကော့သောင်းမြို့ပြည်သူ့ဆေးရုံကြီးသို့ ပို့အပ်ကာ ဓမ္မတာအတိုင်းသေဆုံးခြင်းဟုတ်မဟုတ် သေမှုသေခင်းအမှတ်စဉ်(၁၄/၂၀၂၀)ဖြင့် ဆက်လက်စစ်ဆေးလျက်ရှိသည်။
















