သင်္ဃန်းကျွန်း၌ သတ်မှတ်ဦးရေထက်ပိုမိုနေထိုင်သည့် တရုတ်နိုင်ငံသားတစ်ရာကျော်ကို ၁၄ ရက် စောင့်ကြည့်မည်

သင်္ဃန်းကျွန်း၌ သတ်မှတ်ဦးရေထက်ပိုမိုနေထိုင်သည့် တရုတ်နိုင်ငံသားတစ်ရာကျော်ကို ၁၄ ရက် စောင့်ကြည့်မည်

မတ် ၂၁ ရက် ည ၉ နာရီခန့်တွင် သင်္ဃန်းကျွန်းမြို့နယ် သုဝဏ္ဏ ကမာကြည်တံတားအဆင်း ပန်းဝါလမ်းနှင့် နှင်းဆီနီလမ်းရှိ လုံးချင်းနေအိမ်တို့အတွင်း တရုတ်နိုင်ငံသားများစွာ ရောက်ရှိနေကြောင်း သတင်းအရ ပူးပေါင်းအဖွဲ့က ဝင်ရောက် စစ်ဆေးခဲ့သည်။
 

ထိုသို့ဝင်ရောက်ရှာဖွေခဲ့ရာ ပန်းဝါလမ်းရှိနေအိမ်တွင် တရုတ်နိုင်ငံသား ၅၄ ဦးကိုတွေ့ရှိရပြီး နှင်းဆီနီလမ်းနေအိမ်တွင် တရုတ်နိုင်ငံသား ၆၄ ဦးကို တွေ့ရှိခဲ့ကြောင်း၊ အဆိုပါတွေ့ရှိသည့် တရုတ်နိုင်ငံသား များအနက် ခွင့်ပြုချက်မဲ့ဝင်ရောက်နေထိုင်သူ တရုတ်နိုင်ငံသား ၄၀ ကျော်ရှိကြောင်း သုဝဏ္ဏ နယ်မြေရဲစခန်းမှ စုံစမ်းသိရှိရသည်။

" ပန်းဝါလမ်းက အိမ်မှာနေထိုင်ဖို့ အကြောင်းကြားတိုင်ကြားတာ ၁၀ ယောက်၊ ဝင်ပြီးစစ်ဆေးတဲ့ အခါမှာ ၅၄ ယောက်ရှိတယ်။ နှင်းဆီနီလမ်းက အိမ်မှာက တိုင်ကြားထားတာက ၂၂ ယောက်၊ ဝင်စစ်တဲ့ အခါမှာ ၆၄ ယောက် ဖြစ်နေတယ်။ပတ်ဝန်းကျင်က ရပ်ကွက်ထဲကို နိုင်ငံခြားသားတွေ အများကြီးရောက်နေတယ်လို့ သတင်းပေးတိုင်ကြားလို့ ဝင်ရောက်စစ်ဆေးခဲ့တာပါ။ ပြီးခဲ့တဲ့ ၂ ပတ်လောက် ကတည်းကရောက်နေကြတာ ရောက်တဲ့ ရက်တော့မတူဘူး" ဟု ရဲတပ်ဖွဲ့ဝင် တစ်ဦး က ပြောသည်။

'' လောလောဆယ် သူတို့ကို ထိန်းသိမ်းထားတယ်။ ဒီနေ့ တာဝန်ရှိတဲ့အဖွဲ့တွေ သူတို့ကို လာရောက်ကြည့်ရှု စစ်ဆေးမှုတွေလုပ်မယ်။ လောလောဆယ် သူတို့ကို ဒီကထွက်မသွားအောင် ထိန်းသိမ်းထားတယ်" ဟု သင်္ဃန်းကျွန်းမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးရွှေလှက ပြောသည်။

အဆိုပါ တွေ့ရှိသူ တရုတ်နိုင်ငံသား တစ်ရာကျော်ကိို ကျန်းမာရေးဝန်ထမ်းများက အပူချိန်တိုင်းတာ စစ်ဆေးမှု များပြုလုပ်ခဲ့ပြီး လတ်တလော စစ်ဆေးချက်များအရ Covid 19 လက္ခဏာမတွေ့ ရှိသော်လည်း ၁၄ ရက်တာ ကျန်းမာရေးအခြေအနေစောင့်ကြည့်သွားမည်ဖြစ်သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး