မန်ယူအသင်းသို့ ပြောင်းရွှေ့လာခဲ့ပြီးနောက် အကောင်းဆုံးခြေစွမ်းပြကစားနေသော ပေါ်တူဂီကွင်းလယ်လူ ဘရူနိုဖာနန်ဒက်စ်သည် အသင်း၏ မတ်လတစ်လတာ အကောင်းဆုံးကစားသမားဆုကို ဆွတ်ခူးရရှိခဲ့ကြောင်း သိရသည်။
တိုက်စစ်အားသန်ကွင်းလယ်လူ ဖာနန်ဒက်စ်သည် မန်ယူကွင်းလယ်၌ ဟန်ချက်ညီစွာ ကစားနေသူဖြစ်ပြီး ၎င်းရောက်ရှိလာပြီးနောက်ပိုင်း အသင်းတိုက်စစ် ပိုမိုအားကောင်းခဲ့သည်။
ဖာနန်ဒက်စ်သည် ပရီးမီးယားလိဂ် ဖေဖော်ဝါရီတစ်လတာ အကောင်းဆုံးကစားသမားဆုကိုရရှိခဲ့ပြီးနောက် ယခုကဲ့သို့ ဆုထပ်ရခဲ့သည်။
ဖာနန်ဒက်စ်သည် မန်ယူ၏ မတ်လအကောင်းဆုံးကစားသမားဆုကို ဆွတ်ခူးရရှိနိုင်ရန်အတွက် ကစားဖော်များဖြစ်သော တိုက်စစ်မှူးအီဂါလို၊ ဖရက်ဒ်နှင့် မက်ဂွိုင်းယားတို့ကို ကျော်ဖြတ်ခဲ့ရသည်။ ဖာနန်ဒက်စ်သည် မတ်လအတွင်း မန်ယူအတွက် ပြိုင်ပွဲစုံလေးပွဲကစားခဲ့ရာ တစ်ဂိုးသွင်းယူပြီး နှစ်ကြိမ်ဂိုးဖန်တီးခဲ့သည်။
ဖာနန်ဒက်စ်သည် မန်ယူအသင်းအတွက် ကိုးပွဲကစားထားရာ သုံးဂိုးသွင်းယူထားသည်။ မန်ယူဂန္ထဝင်ကစားသမားဟောင်းတစ်ဦးဖြစ်သော ဘရိုင်ယန်ရော့ဆင်က ဖာနန်ဒက်စ်မှာ ပေါလ်စခိုး၏ပုံစံအတိုင်းကစားနေဟု ဆိုခဲ့သည်။















