COVID-19 တိုက်ဖျက်ရေး လီဝမ်ဒေါ့စကီးတို့စုံတွဲ ယူရိုတစ်သန်းလှူဒါန်း

COVID-19 တိုက်ဖျက်ရေး လီဝမ်ဒေါ့စကီးတို့စုံတွဲ ယူရိုတစ်သန်းလှူဒါန်း

ပိုလန်နှင့် ဘိုင်ယန်မြူးနစ်တိုက်စစ်မှူး လီဝမ်ဒေါ့စကီးနှင့် ၎င်း၏ဇနီးသည်ဖြစ်သူ အန်နာတို့သည် COVID-19 တိုက်ဖျက်ရေးအတွက် ယူရိုတစ်သန်းပါဝင်လှူဒါန်းခဲ့ကြောင်း သိရသည်။ COVID-19 သည် ကမ္ဘာ့လူသားများအား အကြီးအကျယ်ခြိမ်းခြောက်လျက်ရှိပြီး ကမ္ဘာတစ်လွှားပြန့်ပွားမှုများရှိနေရာ မတ် ၂၂ ရက်အထိ ဗိုင်းရပ်စ်ကူးစက်ခံရသူ သုံးသိန်းကျော်အထိ ရှိနေသည်။

ဘိုင်ယန်မြူးနစ်ကစားသမားနှစ်ဦးဖြစ်သည့် ဂေါ်ရက်ဇကာနှင့် ကင်မစ်ချ်တို့သည် COVID-19 ရန်ပုံငွေရရှိစေရန် We Kick Corona ကမ်ပိန်းတစ်ရပ်ကို စတင်ခဲ့ပြီးနောက် ၎င်းတို့တစ်ဦးချင်းစီမှာ ယူရို ၅၀ဝ,ဝ၀ဝ စီလှူဒါန်းခဲ့ကြသည်။ COVID-19 တိုက်ဖျက်ရေးအတွက် ဂျာမနီကစားသမားနှစ်ဦးက ယူရို ၅၀ဝ,ဝ၀ဝ စီလှူဒါန်းခဲ့ပြီးနောက် လီဝမ်ဒေါ့စကီးကလည်း ယူရိုတစ်သန်း ပါဝင်လှူဒါန်းခဲ့ခြင်းဖြစ်သည်။

ဂျာမနီလက်ရွေးစင်ကစားသမားများနှင့် ဘွန်ဒက်စ်လီဂါကစားသမားများမှာလည်း ဂျာမနီ၌ COVID-19 တိုက်ဖျက်ရန် ငွေကြေးလှူဒါန်းမှုများပြုလုပ်လျက်ရှိပြီး ဆာနေး၊ ဟမ်မယ်လ်၊ ဒရက်လာ၊ ဟတ်တာ၊ ဟိုဝီဒက်စ်နှင့် ရိုဒီတို့မှာလည်း ငွေကြေးများ လှူဒါန်းခဲ့ကြသည်။

ဂျာမနီနိုင်ငံ၌ COVID-19 ကူးစက်ခံရသူ အယောက် ၂၀ဝ၀ဝ ကျော်လာပြီး မတ် ၂၂ ရက်အထိ အယောက် ၈၀ ကျော်သေဆုံးခဲ့ပြီးဖြစ်သည်။

 



ဖတ်ရှုမှုအများဆုံး