မြန်မာနိုင်ငံတွင် COVID-19 တွေ့ ရှိသူ၂ ဦးစတင်တွေ့ရှိကြောင်း မတ် ၂၃ ရက်နေ့ ည ၁၁ နာရီ ၄၅ မိနစ်က ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက အတည်ပြုထုတ်ပြန်ပြီးနောက်ပိုင်း မတ် ၂၄ ရက်နေ့တွင် မန္တလေးမြို့ ဆေးဆိုင်များနှင့် စတိုးဆိုင်အချို့တွင် လာရောက်ဝယ်ယူသူ များပြားလျက်ရှိကြောင်းသိရသည်။
မန္တလေးမြို့ လမ်း၃၀ ရှိမန္တလေးဆေးရုံကြီးမျက်နှာချင်းဆိုင်မှ ဆေးဆိုင်များအားလုံးနီးပါးတွင် ဆေးဝယ်သူများ နံနက် မိုးလင်းချိန်မှစ၍ စုပြုံနေကြပြီး အလားတူ စားသောက်ကုန်လူသုံးကုန်ပစ္စည်းရောင်းသည့် စတိုးဆိုင် များတွင်လည်း ဝယ်ယူသူများပြားလျက်ရှိသည်။
“အဓိကတော့ ကိုယ်သောက်နေကျဆေးတွေ ဈေးကွက်မှာ ဝယ်မရတော့မှာစိုးလို့ လာဝယ် တာပါ။ကိုယ့်နဂိုရောဂါနဲ့ ဆေးက ပုံမှန်သောက်နေရပြီး ဆေးပြတ်သွားမှာမျိုး ဝယ်မရတာမျိုးဖြစ် မှာစိုးတယ်”ဟု ဆေး ဆိုင်သို့ဆေးလာဝယ်သူအမျိုးသမီးတစ်ဦးကပြောသည်။
ဆေးဆိုင်များစုတွင် ဝယ်ယူမှုအများဆုံးမှာ Mask၊ လက်အိတ် ၊အရက်ပျံနှင့် ကျန်းမာရေးအတွက် ပုံမှန်သောက် နေရသည့် ဆေးများ ဖြစ်၍ စတိုးဆိုင်များတွင် ခေါက်ဆွဲခြောက်များ၊မုန့်ခြောက်များနှင့် တစ်ရှူးများဝယ်ယူနေသည်ကို တွေ့ရသည်။
အဆိုပါအတည်ပြုလူနာ၂ ဦးအနက် တစ်ဦးမှာအမေရိကန်နိုင်ငံမှ ပြည်တွင်းသို့ မတ် ၁၃ ရက်က လေကြောင်းဖြင့် ရောက်ရှိခဲ့သူ ချင်းပြည်နယ်မှ အမျိုးသားတစ်ဦးဖြစ်ပြီး မတ် ၂၁ ရက်နေ့က တီးတိန်မြို့နယ်ဆေးရုံတွင် လွှဲပြောင်း ကာ စောင့်ကြည့် လူနာအဖြစ် သီးသန့်ခန်းတွင်ထားရှိ၍ ဓါတ်ခွဲနမူနာစစ်ဆေးခဲ့ရာက COVID-19 တွေ့ ရှိကြောင်းအဖြေ ထွက်ခဲ့သည်။
ကျန်တစ်ဦးမှာ အင်္ဂလန်နိုင်ငံမှ မတ် ၂၂ ရက်နေ့က လေကြောင်းဖြင့် ပြည်တွင်းသို့ရောက်ရှိလာပြီး ရန်ကုန်မြို့ လှည်းကူး မြို့နယ် ပြည်သူ့ကျန်းမာရေးကွင်းဆင်းသင်တန်းကျောင်းတွင် စောင့်ကြည့်လူနာ တစ်ဦးဖြစ်ပြီး ဓါတ်ခွဲစစ်ဆေးမှုအရ COVID-19 တွေ့ရှိကြောင်းအဖြေထွက်ခဲ့သည်။
















