မန္တလေးမြို့တွင် ပြည်ပနိုင်ငံမှရောက်ရှိလာသူများအား Quarantine(စောင့် ကြည့်)ပြုလုပ်ရန်အတွက် လက်ရှိကန်တော်နဒီဆေးရုံအပြင် လုပ်ငန်းလုပ်ကိုင် ခြင်းမရှိသေးသည့် စည်ပင်ပိုင် နဒီမြန်မာဟိုတယ်တွင်သာမက ပုဂ္ဂလိက ဟိုတယ်သုံးခုနှင့် ချိတ်ဆက်ဆောင်ရွက်ထားကြောင်း မြန်မာနိုင်ငံ ခရီးသွား လုပ်ငန်း(မန္တလေးဇုန်)မှ အတွင်းရေးမှူး ဦးသန့်ဇော်ထံမှ သိရသည်။
ပြည်ပမှရောက်ရှိလာသူများဆန္ဒအရ ၎င်းတို့အား ၁၄ ရက်စောင့်ကြည့်ရန် အတွက် နေထိုင်ရမည့်နေရာကို ရွေးချယ်နိုင်ပြီး ပုဂ္ဂလိကဟိုတယ်များကို ရွေးချယ်ပါက သီးသန့်ခန်းများတွင် နေထိုင်ရမည်ဖြစ်ကာ နှုန်းထားတစ်ခုပေး ဆောင်ရန်လိုကြောင်း သိရသည်။
''ဟိုတယ်တွေနဲ့ ချိတ်ထားတာဟုတ်တယ်။ မြို့တော်ဝန်ပြောခဲ့တာလည်းရှိပြီး Quarantineလုပ်ဖို့ ချိတ်ဆက်ထားတာပါ။ ဟိုတယ်ဖြစ်တဲ့အတွက် ကျသင့်ငွေတော့ပေးရမှာပါ။ အလကားတော့ မဟုတ် ဘူးပေါ့။ ကျန်တဲ့ နဒီမြန်မာနဲ့ ကန်တော်နဒီမှာဆိုရင်တော့ ပေးစရာမလိုပါဘူး။ မန္တလေး SRTအဖွဲ့က စီစဉ်ပေးနေတယ်''ဟု ၎င်းက ပြောသည်။
မန္တလေးတိုင်း SRTအဖွဲ့အနေဖြင့် COVID-19 ဖြစ်ပွားမှုဆက်နွှယ် သည့် ပြည်ပနိုင်ငံများမှ ရောက်ရှိလာသူများပြားနိုင်သဖြင့် ၁၄ ရက်ကြာ စောင့်ကြည့်မှုပြုလုပ်နိုင်ရန် ပုဂ္ဂလိကပိုင် ဟိုတယ်သုံးခုနှင့်လည်း ချိတ်ဆက်၍ တိုးချဲ့စီစဉ်ခြင်းဖြစ်ကြောင်း သိရသည်။
နဒီမြန်မာနှင့် ကန်တော်နဒီတွင်စောင့် ကြည့်ခံမည်ဆိုပါက အခမဲ့ဖြစ်၍ ပုဂ္ဂလိကဟိုတယ်များတွင် စောင့်ကြည့်ခံပါက တည်းခိုနေထိုင်စရိတ် ညှိနှိုင်းဆောင်ရွက်ပေးမည်ဖြစ်ကြောင်း သိရသည်။
''လက်ရှိမှာတော့ ပြည်ပကပြန်လာတဲ့ မြန်မာနိုင်ငံသား ၁၃ ဦးရှိပြီး သူတို့ကို Quarantine လုပ်နေတာရှိတယ်။ အဲဒီကတည်းက ပြင်ပပုဂ္ဂလိက ဟိုတယ်မှာလည်းရှိတယ်။ နိုင်ငံခြားသားခရီးသွားတွေလည်း လာမယ်မထင်ဘူး''ဟု ၎င်းက ဆက်လက်ပြောသည်။
မန္တလေးမြို့တွင် ပြည်ပမှ ပြန်လည်ရောက်ရှိလာသူ မြန်မာနိုင်ငံသား ၁၃ ဦးရှိပြီး ပြင်သစ်၊ ဗြိတိန်နှင့် ဆွစ်ဇာလန်နိုင်ငံတို့မှ ရောက်ရှိလာသူများဖြစ်ရာ ၎င်းတို့အနက် လေးဦးကို နဒီမြန်မာဟိုတယ်နှင့် ကျန်ကိုးဦးအား ပုဂ္ဂလိက ဟိုတယ်တစ်ခုတွင် စောင့်ကြည့်အဖြစ် သီးသန့်ခွဲခြားထားရှိကြောင်းသိရသည်။
မြန်မာနိုင်ငံ ဟိုတယ်လုပ်ငန်းရှင်များအသင်း မန္တလေးဇုန်ဥက္ကဋ္ဌ ဦးမင်း နိုင်က ''ကျွန်တော်တို့အသင်းအနေနဲ့တော့ အဲဒါကိုမသိရဘူး။ စာပို့လာတာ မျိုးမရှိသေးဘူး။ ဟိုတယ်ပိုင်ရှင်နဲ့ ညှိနှိုင်းလုပ်ဆောင်တာ ဖြစ်ပါလိမ့်မယ်''ဟု ပြောသည်။
















