မန္တလေးမြို့ရှိ စားသောက်ဆိုင်များ လူစုလူဝေးလျှော့ချရေး ပါဆယ်များဖြင့် ရောင်းချရန် ယနေ့ညွှန်ကြား

မန္တလေးမြို့ရှိ စားသောက်ဆိုင်များ လူစုလူဝေးလျှော့ချရေး ပါဆယ်များဖြင့် ရောင်းချရန် ယနေ့ညွှန်ကြား

မန္တလေးမြို့ရှိ လက်ဘက်ရည်ဆိုင်များအပါအဝင် စားသောက်ဆိုင်များ၌ လူစုလူဝေးလျှော့ချရန်အတွက် ဆိုင်တွင် လာရောက်စားသောက်ခြင်းထက် ပါဆယ်များဖြင့် ရောင်းချပေးသွားရန် ယနေ့(မတ် ၂၄ )နံနက်ပိုင်းက တိုင်းအစိုးရ ဖွဲ့က ညွှန်ကြားလာသည်ဟု မြန်မာနိင်ငံ စားသောက်ဆိုင်လုပ်ငန်းရှင်များ အသင်း(မန္တလေးဇုံ)ဥက္ကဌ ဦးသင်္ကြန်ကျော်က ပြောသည်။

နိုင်ငံအတွင်း COVID-19 အတည်ပြုလူနာ ၂ ဦး စတင်တွေ့ရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက မတ် ၂၃ ရက်ည ၁၁ နာရီ ၄၅ မိနစ်က ထုတ်ပြန်ခဲ့ပြီးနောက် ယခုကဲ့သို့ လုပ်ဆောင်ခြင်း ဖြစ်သည်ဟု ဆိုသည်။

“တိုင်းဒေသကြီးကနေ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွေကို ဒီနေ့မနက်(မတ်၂၄)ဖုန်းနဲ့ ညွှန်ကြားလာတယ်။ စားသောက်ဆိုင်တွေမှာ လူစုလူဝေးလျှော့ချတဲ့ သဘောနဲ့ အထိုင်မရောင်းဘဲနဲ့ ပါဆယ်တို့ Delivery နဲ့ ရောင်းဖို့ပါ။ ဆိုင်တွေတော့ မပိတ်ခိုင်းပါဘူး။ အသင်းအနေနဲ့ အကောင်းဆုံး ပူးပေါင်းဆောင်ရွက်သွားမှာပါ”ဟု ၎င်းကပြောသည်။

 မြို့နယ်အုပ်ချုပ်ရေးမှူးများမှ တစ်ဆင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများအနေဖြင့် ၎င်းတို့နယ် အတွင်းရှိ ခေါက်ဆွဲဆိုင်၊ လက်ဘက်ရည်ဆိုင်နှင့်စားသောက်ဆိုင်များ အားလုံးသည် ဆိုင်အတွင်း အထိုင်ရောင်းချခြင်း မပြုဘဲ ပါဆယ်ဖြင့်သာရောင်းချကြရေး ကြီးကြပ်ဆောင်ရွက်ပေးရန် အကြောင်းကြားစာပေးပို့ထားကြောင်းသိရသည်။

“မြို့ထဲမှာတော့ ဒီနေ့ ဆေးဆိုင်တွေ စူပါမားကက်တချို့မှာ ဈေးဝယ်သူ တော်တော်များနေတယ်။မြို့ထဲလမ်းမှာလဲ အရင်လမ်းမပိတ်တဲ့နေရာတွေတောင် ယာဉ်ကြောတွေ ပိတ်နေတာပါ။တချို့ကတော့ အပြင်မထွက်ဘဲ Delivery Service တွေနဲ့ ဈေးဝယ်သူတွေလည်း ရှိတယ်”ဟု မန္တလေးမြို့ခံတစ်ဦးကပြောသည်။

COVID-19 တွေ့ရှိသူ နှစ်ဦးမှာ ပြည်တွင်းသို့ အမေရိကန်နှင့် အင်္ဂလန်နိုင်ငံမှ လေကြောင်းဖြင့်ပြန်လာသူ မြန်မာ နိင်ငံသားများဖြစ်ပြီး ချင်းပြည်နယ် တီးတိန်ဆေးရုံနှင့် ရန်ကုန်တိုင်းဒေသကြီး လှည်ကူးမြို့နယ် ပြည်သူ့ ကျန်းမာရေးကွင်းဆင်း သင်တန်းကျောင်းတို့တွင် သွားလာမှုကန့်သတ်၍ စောင့်ကြည့်လူနာအဖြစ် တင်ပို့ကုသလျက်ရှိကြောင်း သိရသည်။

 



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး