COVID-19 ဗိုင်းရပ်စ်မဝင်ရန် မျက်နှာကို ထိတွေ့ကိုင်တွယ်ခြင်း ရှောင်ရမည်ဟု လီယွန်နယ် မက်ဆီ ပြောကြား

COVID-19 ဗိုင်းရပ်စ်မဝင်ရန် မျက်နှာကို ထိတွေ့ကိုင်တွယ်ခြင်း ရှောင်ရမည်ဟု လီယွန်နယ် မက်ဆီ ပြောကြား

ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (WHO)နှင့် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (Fifa)တို့ဦးစီး၍ COVID-19 တိုက် ဖျက်ရေးအတွက် အသိပညာပေးသည့် အနေဖြင့် ဗီဒီယိုကမ်ပိန်းပြုလုပ်ခဲ့ရာ အာဂျင်တီးနားနှင့် ဘာစီလိုနာတိုက် စစ်မှူးမက်ဆီနှင့် ကစားသမား ၂၇ဦး ပူးပေါင်းပါဝင်ခဲ့ကြောင်း သိရသည်။

အဆိုပါကမ်ပိန်းမှာ COVID-19 ပျံ့နှံ့မှုကိုရပ်တန့်ရန် အဓိကအချက် ငါးချက်ကိုမျှဝေခြင်းဖြစ်ပြီး လူသိများ သောကစားသမားများနှင့် ဘောလုံး သမားဟောင်းများက ပူးပေါင်းပါဝင် ခဲ့ခြင်းဖြစ်သည်။ WHO က ဗိုင်းရပ်စ် ကာကွယ်ရေးအတွက် လမ်းညွှန်ထား သော လက်ဆေးခြင်း၊ ချောင်းဆိုးပါက အကာအကွယ်ဖြင့်ဆိုးခြင်း၊ လက်ဖြင့် မျက်နှာကို မပွတ်သပ်ခြင်း၊ တစ်ဦးနှင့် တစ်ဦး ခပ်ခွာခွာနေခြင်းနှင့် နေထိုင် မကောင်းပါက အပြင်မထွက်ဘဲ နေ အိမ်၌သာနေထိုင်ခြင်း စသည့်အချက် များကို ဘောလုံးသမားများက ဗီဒီယို ကမ်ပိန်းဖြင့် မက်ဆေ့ချ်ပေးခဲ့သည်။

မက်ဆီအပါအဝင် အီတူး၊ လိုင်နီ ကာ၊ ပူယိုးလ်၊ ယာယာတိုရေး၊ ဇာဗီး၊ အယ်လစ်ဆန်၊ ဘူဖွန်၊ ဂျော့ကပ်ဖ်၊ ကလိုဆေး၊ မိုက်ကယ်အိုဝင်၊ ဗီရွန် နှင့် ကာဆီးလက်စ် အစရှိသောသူများ ကမ်ပိန်း၌ပါဝင်ခဲ့ကြောင်း သိရသည်။

ကစားသမားများ၏ကမ်ပိန်းကို ဘာသာစကား ၁၃ မျိုးဖြင့် ဖီဖာ ဒစ်ဂျစ်တယ်ချန်နယ်၌ လွှင့်တင်ခဲ့ ခြင်းဖြစ်သည်။ ယခုအစီအစဉ်၌ ဖီဖာ ကမ္ဘာ့ဖလားချန်ပီယံဆုကို နှစ်ကြိမ် ရခဲ့ဖူးသော အမေရိကန်အမျိုးသမီး ကစားသမားကာလီလွိုက်လည်း ပါဝင် ခဲ့သည်။

မက်ဆီက ''သင့်ရဲ့မျက်နှာကို လက်နဲ့ပွတ်သပ်ကိုင်တွယ်တာတွေ အတတ်နိုင်ဆုံးရှောင်ကြဉ်ပါ။ အထူး သဖြင့် မျက်စိကိုမကိုင်မိစေဖို့ အရေး ကြီးတယ်။ နှာခေါင်းနဲ့ပါးစပ်ကိုလည်း လက်နဲ့သွားမကိုင်ပါနဲ့။ ဒီလိုမျိုးရှောင် ကြဉ်တာက သင့်ခန္ဓာကိုယ်ထဲကို ဗိုင်း ရပ်စ်မဝင်အောင် တားဆီးတာပါ''ဟု ပြောကြားခဲ့သည်။ WHO၏ကျန်းမာ ရေးသံတမန်တစ်ဦးလည်းဖြစ်သည့် လီဗာပူးဂိုးသမား အယ်လစ်ဆန်က လက်ကိုဆပ်ပြာဖြင့် မကြာခဏဆေး ကြောရမည်ဖြစ်ကြောင်း၊ အယ်ကိုဟော ပါဝင်သော လက်ဆေးရည်ကိုလည်း သုံးရမည်ဟုဆိုခဲ့သည်။

ကမ္ဘာ့ကပ်ရောဂါ COVID-19 ကြောင့် ကမ္ဘာတစ်ဝန်း အားကစား ပြိုင်ပွဲများကို ရွှေ့ဆိုင်းထားရသည်။ မတ် ၂၄ ရက်အထိ ကမ္ဘာတစ်ဝန်း COVID-19 ကူးစက်ခံရသူဦးရေ ၃၈ဝဝဝဝ ကျော်ရှိနေပြီး သေဆုံးသူ ၁၆ဝဝဝ ကျော်အထိရှိနေသည်။ အီ တလီ၌မူ COVID-19 ကြောင့်သေ ဆုံးမှုတိုးပွားနေသည်။



ဖတ်ရှုမှုအများဆုံး