ကလေးမြို့ အဝင်အထွက်များ မပိတ်၊ ကျန်းမာရေး အထူးစစ်ဆေးပြီး ဝင်ထွက် ဖြတ်သန်းခွင့်ပြုထား

ကလေးမြို့ အဝင်အထွက်များ မပိတ်၊ ကျန်းမာရေး အထူးစစ်ဆေးပြီး ဝင်ထွက် ဖြတ်သန်းခွင့်ပြုထား

ချင်းပြည်နယ်၊ တီးတိန်မြို့ဆေးရုံ၌ စောင့်ကြည့်လူနာတွင် COVID-19 ဗိုင်းရပ်စ် တွေ့ရှိမှုကြောင့် စစ်ကိုင်းတိုင်း ကလေးမြို့အား ယာဉ်နှင့် လူဝင် ထွက်ခွင့်များပိတ်ထားသည်မှာ မဟုတ်မှန်ဘဲ ကျန်းမာရေးအထူး စစ်ဆေးမှုများလုပ်ဆောင်၍ ခွင့်ပြု ပေးနေကြောင်း အထက်ချင်းတွင်းဒေသ လူငယ်များကွန်ရက်မှ ကိုကျော်သက်ဝင်းက ပြောသည်။

အဆိုပါ လူနာသည် စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့လေယာဉ်ကွင်းမှတစ်ဆင့် ချင်းပြည်နယ် တီးတိန်မြို့သို့ သွားရောက်ခဲ့ခြင်းဖြစ်၍ ကလေးမြို့ကို Lock ချထားသည်ဟု ယနေ့(မတ် ၂၄ )ရက်နေ့တွင် လူမှုကွန်ရက်၌ ပံျ့နှံ့ခဲ့ရာ မဟုတ်မှန်ကြောင်း ၎င်းက အတည်ပြုပြောဆိုခဲ့သည်။

“Lock မဟုတ်ဘူး။ ကောလာဟလထွက်နေတာ။ ကျန်းမာရေးသေချာစစ်ပြီး ဝင်ထွက်ခွင့်ပေးနေတယ်။လိုအပ်ရင် တားဆီးမှုလုပ်တယ်။ လိုအပ်လာရင်တော့ Lock လုပ်ဖို့ တိုက်တွန်းမယ်။ Positive လူနာက မြို့မှာ နေသွားသလို လေယာဉ်ဆိုက်ကပ်ပြီး လူတော်တော်များများ ကလေးမှာ ဆင်းကြလို့ ပွင့်ပွင့်လင်းလင်း ပြောရင် မြို့အနေနဲ့စိုးရိမ်ကြတာပေါ့”ဟု ၎င်းကပြောသည်။

ချင်းပြည်နယ် ဆက်သွယ်ရေးလမ်းကြောင်းတွင် ကလေးမြို့ကို မဖြစ်မနေဖြတ်သန်းရပြီး အဆိုပါဒေသနေသူများမှာ စိုးရိမ်မှုများဖြင့် မြေပြန့်သို့ ဆင်းလာမှုများရှိ၍ တီးတိန်မြို့နယ်နှင့် ခိုင်ခန့် မြို့နယ်မှ ဝင်ထွက်ပေါက်များ၌ ကျန်းမာရေးစစ်ဆေးမှုများ အထူးလုပ်ဆောင် ကာ ဝင်ထွက်ခွင့်ပေးကြောင်းနှင့် စစ်ဆေးမှုများအား ဌာနဆိုင်ရာများ၊ ပြန်/ဆက် ဦးစီးဌာနနှင့် အရပ်ဘက်အဖွဲများ ပူးပေါင်းဆောင်ရွက်လျက်ရှိ ကြောင်းသိရသည်။

“ချင်းတောင်ကို သွားရင် ကလေးမြို့က ဖြတ်ကို ဖြတ်ရတယ်။ ခုတွေ့တဲ့ လူနာက ချင်းတောင်ပေါ် တီးတိန်ကဆိုတော့ အဲဒီက လူတချို့ စိုးရိမ်ပြီး အောက်ဘက်ဆင်း လာကြတယ်။ ကလေးမြို့ဝင်ထွက် ပေါက်တွေမှာ တော့ သေချာစစ်နေ တာတွေ့တယ်”ဟု ကလေးမြို့ခံ ကိုကျော်အောင်ကပြောသည်။

မြန်မာနိုင်ငံတွင် COVID-19 အတည်ပြု Positive လူနာ၂ ဦးရှိကြောင်း ကျန်းမာရေးဦးစီးဌာနက ထုတ်ပြန်ခဲ့သည့်အနက် အမေရိကန်နိုင်ငံမှ မြန်မာနိုင်ငံ ပြည်တွင်းသို့ မတ် ၁၃ ရက်က လေကြောင်းဖြင့် ရောက်ရှိခဲ့သူ ချင်းပြည်နယ်မှ အမျိုး သားတစ်ဦးအား မတ် ၂၁ ရက်တွင် တီးတိန်မြို့နယ်ဆေးရုံ၌ လွှဲပြောင်းကာ စောင့်ကြည့်လူနာအဖြစ်သီးသန့် ထားရှိကုသနေကြောင်း သိရသည်။

ကလေးမြို့သည် ချင်းပြည်နယ်နှင့် မြေပြန့်ဆက်သွယ်သည့် မြို့ဖြစ်၍ မန္တလေး-မုံရွာ-ယာကြီး-ကလေးဝ-ကလေး လမ်းပိုင်းနှင့် မန္တလေး-ဂန့်ဂေါ-ကလေးဝ-ကလေးလမ်းပိုင်းတို့ဖြစ်ကြောင်း၊ မြေပြန့်နှင့် တောင်ပေါ်ဝင်ထွက်ပေါက်များတွင် ကျန်းမာရေးအထူးစစ်ဆေးပြီးမှ ဝင်ထွက် ဖြတ်သန်းခွင့်ပြုနေ ကြောင်းသိရသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး