မန္တလေးဆန်ဈေးကွက် လက်လီရောင်းချမှုတွင် ၂၄ပြည်အပေါ် ကျပ်တစ်ထောင်ကျော်မြင့်တက်

မန္တလေးဆန်ဈေးကွက် လက်လီရောင်းချမှုတွင် ၂၄ပြည်အပေါ် ကျပ်တစ်ထောင်ကျော်မြင့်တက်

COVID-19ဗိုင်းရပ်စ်ဖြစ်စဉ်များအပေါ် စိုးရိမ်မှုများကြောင့် မန္တလေးမြို့ဆန်ဈေးကွက်တွင် ဝယ်လိုအားများပြားခဲ့သည့်အပြင် စပါးအဟောင်းလက်ကျန်မရှိသလောက်နည်းပါးသဖြင့် လက်လီအရောင်းဆိုင်များ၌ ဆန်တစ်ပိုင်း(၂၄ပြည်)အပေါ် ကျပ် ၁၀ဝ၀ မှ ၂၀ဝ၀ အတွင်း မြင့်တက်ခဲ့သည်ဟု လက်လီလက်ကားရောင်းချသူ သမ္မာဦး ဆန်ရောင်းဝယ်ရေးမှ ကိုသန့်ဇင်က ပြောသည်။

“ဆန်က ဒီတစ်ပတ်အတွင်းမှာ လက်လီဈေး ၁၀ဝ၀ နဲ့ ၂၀ဝ၀ ကြားတက်သွားတယ်။အဓိကတော့ စပါးဟောင်း ပစ္စည်းပြတ်ချိန်ဖြစ်နေတယ်။အသစ်ကလည်းပေါ်လာပြီ။ဒီရက်ပိုင်း စိုးရိမ်မှုတွေနဲ့ လက်လီအဝယ်များတော့ စပါးအဟောင်းလှောင်သူတွေက လည်းဈေးကိုင်ရောင်းတယ်။ထုံးစံအတိုင်း ဝယ်လိုအားများလို့ ဈေးနည်းနည်း တက်လာပြီး ဆက်တက်ဖို့တော့ မရှိနိုင်ဘူး”ဟု ၎င်းကပြောသည်။

စပါးအသစ်ပေါ်နေပြီဖြစ်ပြီး တန်ခူးလနောက်ပိုင်း အဟောင်းဘက်သို့ ရောက်နေပြီဖြစ်ကာ တောင်သူနှင့် ကုန်သည်အချို့က ၎င်းတို့ လှောင်ထားသည့် စပါးဟောင်းနည်းသွားချိန်ဈေးခေါ်ရောင်းလာကြသည်။

အများစားသုံးသည့် တစ်ပိုင်းလျှင် ကျပ်သုံးသောင်းဝန်းကျင်ဆန်များက ကျပ် ၁၀ဝ၀ ခန့်နှင့် ပေါ်ဆန်းနှင့် မဂျမ်းတော ဆန်များမှာ တစ်ပိုင်းလျှင် ကျပ်၂၀ဝ၀ ခန့်မြင့်တက်ခဲ့သည်။

“ခုရက်ပိုင်းမှာ ကြောက်အားလန့်အားနဲ့ အဝယ်များလာပေမယ့် ပြောသလောက် မတက်ပါဘူး။ လက်လီဆိုင်တွေ၊ ရပ်ကွက်ထဲကဆိုင်တွေမှာ ဝယ်လိုအားများတော့ တက်တာပါ။ လက်လီရောင်းသူတွေ ဈေးတက်ရောင်းတာ ရှိနေ တယ်။သူတို့ကိုလည်း ကျွန်တော်တို့ ပြောပြတယ်။ လောဘမကြီးပါနဲ့ ဆန်တွေ အလုံအလောက်ရှိတယ်။ ဆန်ဈေးက ငြိမ်တာမျိုးတော့မဟုတ်ဘူး” ဟု မန္တလေးဆန်ကုန်စည်ဒိုင် ဥက္ကဌ ဦးကျော်နိုင်က ပြောသည်။

မန္တလေးဆန်ဈေးကွက်တွင် လက်ကားရောင်းသူများက ဈေးတက်ခြင်းမရှိဘဲ ဆန်ကုန်စည်ဒိုင်အနေဖြင့် ဈေးမတက် ကြရန်နှင့်ဆန်အလုံအလောက်ရှိနေကြောင်းကို သတင်းဖြန့်ဝေပေးနေကြောင်း၊မန္တလေးတိ်ုင်း ဆန်ကုန်သည်များ အသင်းကလည်း ဆန်ကို ဈေးနှုန်းချိုသာစွာဝယ်ယူနိုင်မည့် ဆန်ပွဲရုံများနှင့် ဆက်သွယ်ရမည့် ဖုန်းနံပါတ်များဖြင့် အသိ ပေးကြေညာထားကြောင်း သိရသည်။

“မန္တလေးမှာ ကိုရိုနာဗိုင်းရပ်စ်ပိုး ၂ ဦးတွေ့တယ်ကြားတဲ့နေ့ကလည်း ဆန်ဆိုင်တွေမှာ ဝယ်သူများခဲ့တယ်။လက်လီ ၅ ပြည်ဝယ်သူက ၁၅ ပြည်လောက်ဝယ်တယ်။တစ်အိတ်သမားက ၂ အိတ်ဝယ်တဲ့ အခြေအနေဖြစ်ခဲ့တယ်။ဈေးကို မကြည့်ကြတော့ဘူး”ဟု မန္တလေးမြို့မှ ကုမ္ပဏီဝန်ထမ်းတစ်ဦးက ဆိုသည်။

မန္တလေးဆန်ဈေးကွက်တွင် အများစားသုံးမှုများသည့်ဆန်တစ်ပိုင်းလျှင် ကျပ် ၁၀ဝ၀ ဝန်းကျင် ဈေးတက်ခဲ့ပြီး လက်ရှိဆန်ဈေးကွက်၌ ရွှေသွယ်ဆန် ၃၁၀ဝ၀၊ သုခဆန်- ၂၇၀ဝ၀ကျပ်၊ ပေါ်ဆန်း ၆၄၀ဝ၀ ကျပ်၊မဂျမ်းတောဆန် အသစ် ၅၂၀ဝ၀နှင့် လက်ကျန်မရှိသလောက်ဖြစ်သော မဂျမ်းတောဆန်ဟောင်းမှာမူ ၆၄၀ဝ၀ ကျပ်ပေါက်ဈေးရှိနေသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး