ကျောက်ပန်းတောင်း၌ အခြားဒေသမှ ရောက်လာသူ ၃၀၀ ကျော်ကို Home Quarantine ဖြင့် စောင့်ကြည့်နေ

ကျောက်ပန်းတောင်း၌ အခြားဒေသမှ ရောက်လာသူ ၃၀၀ ကျော်ကို Home Quarantine ဖြင့် စောင့်ကြည့်နေ

မန္တလေးတိုင်း၊ကျောက်ပန်းတောင်းမြို့နယ်တွင် ကိုဗစ်ကာကွယ်ရေးကော်မတီ ဖွဲ့စည်းဆောင်ရွက်လျက်ရှိရာ မတ် ၂၅ ရက်အထိ တစ်ပတ်တာကာလအတွင်း အခြားဒေသများမှ ရောက်ရှိလာသူ ၃၁၅ ဦးရှိပြီး အချို့မှာ ပြည်ပတွင် အလုပ်လုပ်ကိုင်ရာမှ ပြန်လာသူများ ဖြစ်၍ ၎င်းတို့အား အထူးစစ်ဆေးမှုနင့် Home Quarantine စောင့်ကြည့်မှုများ လုပ်ဆောင်နေကြောင်းသိရသည်။

ပြည်ပမှ ပြန်လာသူများကို ကျန်းမာရေး စစ်ဆေးမှု အလေးထား လုပ်ဆောင်နေပြီး သံသယလက္ခဏာများတွေ့ရှိသူ တစ်ဦးမျှ မရှိသေးဘဲ နေအိမ်များတွင် ၁၄ ရက်စောင့်ကြည့် (Home Quarantine)လုပ်ဆောင်နေကြောင်း မြို့နယ် ကျန်းမာရေးဦးစီးဌာန လက်ထောက် ဆရာဝန် ဒေါက်တာ ကိုကိုဇော်က ပြောသည်။

“ပြည်ပကနေ အောက်လမ်းဘက်က ဝင်လာသူတွေကို ပိုပြီးဂရုစိုက်တယ်။ ဖျားနာတာနဲ့ လက္ခဏာတွေ့ရင် သံသယ လူနာအဖြစ် ဆေးရုံမှာ Hospital Quarantine လုပ်မယ်။ စစ်ဆေးလို့ လက္ခဏာ မတွေ့သေးရင် သူတို့နေအိမ်တွေမှာ Home Quarantine ၁၄ ရက်စောင့်ကြည့်လုပ်မယ်။ဒီရက်ထိ Hospital Quarantine လုပ်တဲ့သူ ဆေးရုံမှာ မရှိသေးဘူး”ဟု ၎င်းကပြောသည်။

ကိုဗစ် ကာကွယ်ရေးလုပ်ငန်းစဉ်များကို မြို့နယ်အလိုက်ကော်မတီများဖြင့် ဆောင်ရွက်လျက်ရှိရာ ရပ်ကျေးအုပ်ချုပ် ရေးအဖွဲ့များနှင့် ပူးပေါင်း၍ ရပ်ဝေးမှ ရောက်ရှိလာသူများရှိပါက သတင်းပို့ခြင်းနှင့် ကျန်းမာရေး ဝန်ထမ်း များနှင့်အတူ ကျန်းမာရေးစစ်ဆေးမှုများ ဆောင်ရွက်နေသည်ဟု သိရသည်။

“ကျွန်တော်တို့ဒေသကနေ တရုတ်၊ထိုင်းနဲ့ မလေးရှား အလုပ်သွားလုပ်တဲ့သူတွေ ပြန်လာကြတာအများကြီးပဲ။ လေ ကြောင်းနဲ့ မဟုတ်ဘဲ သူ့အဆက်အသွယ်နဲ့သူ အောက်လမ်းက လာကြတော့ ဘယ်နေရာက စစ်ပေးသလဲ။ မြို့နယ် မှာ စောင့်ကြည့်လုပ်နေတာက တကယ်ထိရောက်ဖို့လိုတယ်”ဟု ကျောက်ပန်းတောင်းမြို့ဒေသခံတစ်ဦးက ဆိုသည်။

ကျောက်ပန်းတောင်းမြို့နယ်တွင် ရပ်ကွက်/ကျေးရွာပေါင်း ၃၃၉ ရွာရှိ၍ အုပ်ချုပ်ရေးအဖွဲ့ဝင်များကပူးပေါင်း ဆောင် ရွက်နေကြပြီး သံသယလူနာတွေ့ရှိပါက စောင့်ကြည့်ကုသမှုပေးနိုင်ရန် ဆေးရုံတွင် ၃၀ ဦး၊ GTI မှာ ၁၀၀ ဦး၊အမှတ် (၂)အထက်တန်းကျောင်းတွင် ၅၀ ဦး၊ မြတ်ပါရမီကိုယ်ပိုင်ကျောင်းတွင် ခန့်မှန်း ၆၀ ဦးစုစုပေါင်း ၂၀၀ ဦးအတွက် ပြင် ဆင်ထားကြောင်းသိရသည်။

မြို့နယ်ပြန်/ဆက်ဦးစီးဌာန ဦးစီးမှူး ဒေါ်မြင့်ကေခိုင်က “ပြည်ပက အောက်လမ်းကနေ ပြန်လာသူတွေကို ပိုပြီး ဂရုစိုက်တယ်။လက်ရှိမှာ ဒေသပြန်လာသူတွေကို ရပ်/ ရွာအလိုက် သူနာပြုများနဲ့ ရွာထဲမဝင်ခင်မှာ စစ်ဆေးမှု လုပ်နေ တယ်။ပြီးရင် သူတို့ နေအိမ်၊ ဒါမှမဟုတ်-စာသင်ကျောင်းနဲ့ ဘုန်းကြီး ကျောင်းမှာ ၁၄ ရက် ကန့်သတ်နေထိုင်မှု လုပ်ခိုင်းတယ်”ဟု ဆိုသည်။

 



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး