ကုလသမဂ္ဂ အကြီးအကဲ၏ မေတ္တာရပ်ခံချက်ကို အလေးဂရုပြု၍ ဖိလစ်ပိုင် သူပုန်များ အပစ်အခတ်ရပ်စဲရေး ကြေညာ

ကုလသမဂ္ဂ အကြီးအကဲ၏ မေတ္တာရပ်ခံချက်ကို အလေးဂရုပြု၍ ဖိလစ်ပိုင် သူပုန်များ အပစ်အခတ်ရပ်စဲရေး ကြေညာ

မနီလာ − ကိုရိုနာဗိုင်းရပ်စ် ကမ္ဘာ့ကပ်ရောဂါကြီး ဖြစ်ပွား နေစဉ် ကာလအတွင်း လက်နက်ကိုင် ပဋိပက္ခများကို တစ်ကမ္ဘာလုံး၌ ရပ်စဲထားရန် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ မေတ္တာရပ်ခံချက်ကို လိုက်နာသောအားဖြင့် အပစ် အခတ်ရပ်စဲရေးတစ်ရပ်ကို ဆောင်ရွက်မည်ဖြစ်ကြောင်း ဖိလစ်ပိုင် ကွန်မြူနစ်ပြောက်ကျားသူပုန်များက မတ် ၂၅ ရက်က ကြေညာခဲ့သည်။

ပြည်သူ့တပ်မတော်သစ် ပြောက်ကျားအဖွဲ့က ထိုးစစ် ဆင်မှုအားလုံးကို ရပ်တန့်ရန် အမိန့်ထုတ်လိုက်ပြီး ခုခံ ကာကွယ်သည့် အနေအထားအဖြစ် ပြောင်းလဲလိုက် ကြောင်း ကွန်မြူနစ်ပါတီအကြီးအကဲက ယင်း၏ကြေညာ ချက်တွင် ဖော်ပြထားသည်။

သူပုန်များက ကြေညာရာတွင် ယခုအပစ်အခတ် ရပ်စဲရေးသည် ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်က စစ်မက်ဖက်ပြိုင်နေသော အဖွဲ့များသည် COVID-19 ကမ္ဘာ့ကပ်ရောဂါကြီးကို တိုက်ဖျက်ရန် ဘုံရည်မှန်းချက်အတွက် တစ်ကမ္ဘာလုံးတွင် အပစ်အခတ် ရပ်စဲရန် မေတ္တာရပ်ခံချက်ကို တိုက်ရိုက်တုံ့ပြန်ခြင်း ဖြစ်သည်ဟု ဆိုသည်။

ဂူတာရက်စ်က မတ် ၂၃ ရက်တွင် ထုတ်ပြန်သည့် ကြေညာချက်၌ ''ယခုအချိန်သည် လက်နက်ကိုင် ပဋိပက္ခ များကို ရပ်ဆိုင်းထားရမည့်အချိန်ဖြစ်ကြောင်း၊ ကျုပ်တို့ အားလုံး၏ အသက်ရှင်ရေးအတွက် စစ်မှန်သော တိုက်ပွဲ ကိုသာလျှင် အတူတကွတိုက်ခိုက်သွားကြရန် အာရုံစိုက် ရမည်ဖြစ်ကြောင်း'' ပြောကြားခဲ့သည်။

ကွန်မြူနစ်သူပုန်ထမှုများသည် ဖိလစ်ပိုင်နိုင်ငံ ကျေးလက်ဒေသတွင် အများဆုံးဖြစ်ပေါ်ခဲ့ပြီး ရာစုနှစ်ဝက် ကျော် ကြာပြီဖြစ်သည်။ အာရှတိုက်တွင် သက်တမ်း အကြာရှည်ဆုံး တိုက်ခိုက်နေသည့် ပုန်ကန်ထ ကြွ မှုတစ်ခု ဖြစ်သည်။ စစ်ဘက်က ခန့်မှန်းရာတွင် တိုက်ပွဲဖြစ်ပွားမှု နှေးကွေးသွားသော်လည်း လက်နက်ကိုင်ပြောက်ကျား သူပုန်များအင်အားမှာ ၃,၅ဝဝ အထိ ရှိနေသည်။ လက်နက်စွန့်လွှတ်မှုများကြောင့် ၎င်းတို့၏အင်အား အတန်အသင့် လျော့သွားသော်လည်း သူပုန်တို့ကမူ ၎င်တို့ထံတွင် တိုက်ခိုက်ရေးသမားများ ပို၍ပင် တိုးလားနေသည်ဟု ဆိုသည်။ (အေပီ)

တင်စိန် ဘာသာပြန်သည်။