တရုတ်တွင် ရောဂါဖြစ်ပွားမှု ကျဆင်းလာသဖြင့် လုပ်ငန်းများ ပြန်လည်စတင်

တရုတ်တွင် ရောဂါဖြစ်ပွားမှု ကျဆင်းလာသဖြင့် လုပ်ငန်းများ ပြန်လည်စတင်

ပေကျင်း − ကိုရိုနာဗိုင်းရပ်စ်ရောဂါ ဖြစ်ပွားသူအရေအတွက် သိသိသာသာ ကျဆင်းလာသဖြင့် တရုတ်နိုင်ငံမြို့တော် ပေကျင်းသည် ပုံမှန်အခြေအနေသို့ တဖြည်းဖြည်း ပြန်လည်ရောက်ရှိလာရာ ပေကျင်းရှိတိရစ္ဆာန်ရုံနှင့် တရုတ်ပြည် မဟာတံတိုင်း၏ အချို့အစိတ်အပိုင်းများကို လာရောက်ရန် ကြိုတင်စာရင်းသွင်းထားသည့်ဧည့်သည်များအတွက် ပြန်လည် ဖွင့်လှစ်လိုက်ပြီဖြစ်သည်။

သို့သော် ကျယ်ပြန့်သည့် ရှေးဟောင်းမြို့တော် Forbidden City အပါအဝင် ကမ္ဘာ့လှည့်ခရီးသည်များ လာရောက်လည်ပတ်သည့်မြို့တော်ရှိ နာမည်ကျော်နေရာအတော်များများကိုမူ ပိတ်ထားဆဲဖြစ်သည်။ရောဂါထပ်မံကူးစက်မှုဖြစ်ပွားနိုင်သည့် လူစုလူဝေးကို ရှောင်ရှားရန် အာဏာပိုင်တို့က ကန့်သတ်ထားသော်လည်း ဗိုင်းရပ်စ်ကိုဟန့်တာ ထိန်းချုပ်နိုင်သမျှကာလပတ်လုံး ကန့်သတ်ချက်များကို ဖြေလျှော့သွားမည်ဟု ၎င်းတို့က ပြောကြားသည်။

လွန်ခဲ့သည့် ၁၄ ရက် အတွင်း နိုင်ငံခြားတိုင်းပြည်များသို့ သွားရောက်ခဲ့သူများနှင့် နိုင်ငံခြားမှ ပြန်လာသူတိုင်းကို ရက်သတ္တပတ်နှစ်ပတ် သီးသန့် ခွဲခြားစောင့်ကြည့်မှုအပါအဝင် မြို့တော်သို့ ဝင်ထွက်နေသည့် လူ သန်း ၂ဝ ကျော်ကို တင်းကျပ်သည့်ထိန်းချုပ်မှုများ ရှိနေဆဲပင်ဖြစ်သည်။

သို့သော် အများပြည်သူ သယ်ယူပို့ဆောင်ရေးမှာ ဆက်လက်ပြေးဆွဲနေပြီး ရုံးအများစုမှာဖွင့်လှစ်ထားသည်။ လူ ၃,၂ဝဝ ကျော်သေဆုံးပြီး ၈၁,ဝဝဝ ကျော် ကူးစက်ခံရသည့် တရုတ်နိုင်ငံတွင် ရောဂါထိန်းချုပ်ဟန့်တားရန် အပူချိန် စစ်ဆေးမှုနှင့် စာရင်းပြုစုခြင်းများသည် အထောက်အပံ့ဖြစ်စေပုံရသည်။

ပေကျင်းတွင် ခရီးသွားလာမှုလုပ်ငန်းသည် အဓိကလုပ်ငန်းဖြစ်ကာ ဝန်ဆောင်မှုလုပ်ငန်းများ အားလုံးသည်လည်း ရောဂါ ဖြစ်ပွားမှုကြောင့် အထိအနာဆုံးလုပ်ငန်းများဖြစ်သည်။ ပေကျင်းတက္ကသိုလ်အပါအဝင် ကျောင်းများကို ပိတ်ထားဆဲဖြစ်ကာ ကျောင်းပြန်ဖွင့်ရန် ရက်သတ္တပတ်များစွာ သို့မဟုတ် ထို့ထက်ပိုကြာမြင့် နိုင်သည်ဟု အာဏာပိုင်တို့က ပြောကြားသည်။

ဒီဇင်ဘာလက ရောဂါပိုးစတင်တွေ့ရှိသည့် ဟူပေးပြည်နယ်နှင့် ယင်း၏မြို့တော် ဝူဟန်တို့ကို ချန်လှပ်ထားကာ နိုင်ငံတစ်ဝန်းရှိ အဓိက ဆောက်လုပ်ရေးစီမံကိန်းကြီးများ၏ ၉ဝ ရာခိုင်နှုန်းခန့်ကို ပြန်လည် စတင်နေပြီဖြစ်ကြောင်း တရုတ်အစိုးရက ပြောကြားသည်။ (အေပီ)

နွယ်နွယ်ယဉ် ဘာသာပြန်သည်။