ကဘူးတွင် သေနတ်သမားများ တိုက်ခိုက်မှုကြောင့် လေးဦးသေဆုံး

ကဘူးတွင် သေနတ်သမားများ တိုက်ခိုက်မှုကြောင့် လေးဦးသေဆုံး

ကဘူး (အာဖဂန်နစ္စတန်) - ကဘူးမြို့ဟောင်းတွင် ဝတ်ပြုဆုတောင်းနေသည့်အာဖဂန်ရှိ လူနည်းစုဆစ်ခ်လူမျိုးတို့၏ ဘာသာရေးစုဝေးပွဲသို့ သေနတ်သမားများ ဝင်ရောက်ပစ်ခတ်မှုကြောင့် အနည်းဆုံး လူလေးဦးသေဆုံးခဲ့သည်။ ထိုသို့ဖြစ်ပွားပြီး နာရီပိုင်းအတွင်းမှာပင် အစ္စလာမ်မစ်နိုင်ငံတော် အုပ်စုက အဆိုပါတိုက်ခိုက်မှုကို ပြုလုပ်ခဲ့ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။ သေဆုံးသူများထဲတွင် ကလေးတစ်ဦးပါဝင်ကာ အနည်းဆုံး လူခုနစ်ဦး ဒဏ်ရာရရှိခဲ့သည်။

ဂူဝါရာဟု လူသိများသည့် ဆစ်ခ်တို့ ဝတ်ပြုဆုတောင်းသည့်နေရာကိုပစ်ခတ်မှုများပြုလုပ်နေသည့်အချိန်မှာပင် ရဲများက အလျင်အမြန်ဆောင်ရွက် ခဲ့ကြောင်း အာဖဂန် ပြည်ထဲရေးဝန်ကြီးဌာနက ပြောကြားသည်။ တိုက်ခိုက်ခံရသည့်အချိန်တွင် ဂူဝါရာအတွင်း၌ဝတ်ပြုဆုတောင်းသူ ၁၅ဝ ခန့်ရှိသည်။

ယခုလအစောပိုင်းက အာဖဂန်နစ္စတန်ရှိ အိုင်အက်စ်တို့နှင့်နှီးနွှယ်သည့် အဖွဲ့က ကဘူးတွင် ရှီယာမွတ်ဆလင်တို့ စုဝေးပွဲတစ်ခုကို တိုက်ခိုက်ခဲ့ရာလူ ၃၂ ဦး သေဆုံးခဲ့သည်။ရှေးရိုးစဉ်လာ မွတ်စလင်နိုင်ငံတွင် ဆစ်ခ်လူမျိုးတို့သည် ခွဲခြားဆက်ဆံ ခံကြရကာ အစ္စလာမ်အစွန်းရောက်တို့၏ ပစ်မှတ်ဖြစ်ခဲ့သည်။ ၁၉၉ဝ ပြည့်လွန်နှစ်များ နှောင်းပိုင်းက တာလီဘန်အုပ်ချုပ်မှုအောက်တွင် ဆစ်ခ်တို့ကို ခွဲခြားနိုင်ရန် အဝါရောင်လက်ပတ်များဝတ်ဆင်ရန် တောင်းဆိုခဲ့သော်လည်း အဆိုပါ စည်းမျဉ်းကို ပြြာန်းခဲ့ခြင်း မရှိခဲ့ပေ။ မကြာသေးမီ နှစ်များအတွင်းက ဆစ်ခ်နှင့် ဟိန္ဒူ အတော်များများသည် ဟိန္ဒူအများစုနေထိုင်ရာ အိန္ဒိယတွင် နိုင်ငံရေးခိုလှုံခွင့် တောင်းခံခဲ့ကြသည်။ (အေပီ)

နွယ်နွယ်ယဉ် ဘာသာပြန်သည်။