အန့်တ်ဝပ် (ဘယ်လ်ဂျီယံ) - ပုံမှန်အဆုတ်လုပ်ဆောင်နိုင်စွမ်း၏ ၂ဝ ရာခိုင်နှုန်းသာရှိသဖြင့် အဝတ်အစားဝတ်ဆင်ခြင်း၊ အိမ်သန့်ရှင်းရေး ပြုလုပ်ခြင်းနှင့် နေအိမ်တွင် ကျန်းမာရေး စောင့်ရှောက်မှုပေးရန် လူနာပြုစု စောင့်ရှောက်သူများ အပေါ်တွင်သာအချိန်အတော်ကြာ မှီခိုနေထိုင်ရသည့်စီရန်လာဂေးသည် ဘယ်လ်ဂျီယံတွင် ကိုရိုနာဗိုင်းရပ်စ်မည်သူမျှ မဖြစ်ပွားသေးခင်ကတည်းကပင် အလွန်သတိထား၍နေခဲ့ရသည်။
သူ့ကို လာရောက်ပြုစုစောင့်ရှောက် ပေးသူတစ်ဦးက မိမိကိုယ်ကိုယ်နှင့် အခြားသူများကို ဗိုင်းရပ်စ် များမှကာကွယ်ရန် နှာခေါင်းစည်းတစ်ခုကို ၁ဝ ယူရို (၁ဝ ဒသမ ၅၇ ဒေါ်လာ) ပေး ရသည်ဟု ပြောပြသည်။ လာဂေး၏ ဝါသနာများထဲတွင် စက်ချုပ်ခြင်းလည်းပါဝင်ကာ ထိုပြောပြချက်ကြောင့် သူ့ကို စေ့ဆော်မှုဖြစ်ပေါ်စေခဲ့သည်။
''ကျွန်မကို ပြုစုစောင့်ရှောက်ပေးတဲ့သူတွေအတွက် နှာခေါင်းစည်းတချို့ချုပ်ဖို့ကျွန်မ ရုတ်တရက် အကြံဥာဏ်ရလာခဲ့တယ်။ အဲဒါဆို သူတို့ကိုယ်သူတို့ ကာကွယ် နိုင်ပြီး သူတို့လူနာတွေအတွက်ပါ ပိုကောင်းလိမ့်မယ်'' ဟု လာဂေးက ပြောသည်။လွန်ခဲ့သည့် ရက်သတ္တပတ်ခန့်က လူတစ်ယောက်ဖြင့်သာ စတင်ခဲ့သည့် လုပ်ငန်းသည် လူအုပ်စုလေးတစ်ခုအသွင် နေ့ချင်းညချင်းပေါ်ပေါက်ကာ နေအိမ်တွင် နှာခေါင်းစည်းချုပ်လုပ်သူများဖြစ်လာသည်။ လုပ်ငန်းစတင်ပြီးနောက် နှစ်ရက်အကြာတွင် လာဂေး၏ ဖေ့စ်ဘွတ်ခ်ပေ့ချ်တွင် အဖွဲ့ဝင်ပေါင်း ၃,ဝဝဝ အထိ တက် လာကာ မတ် ၂ဝ ရက်တွင် ၅,၃ဝဝ ရှိလာသည်။
ဘယ်လ်ဂျီယံတွင် နှာခေါင်းစည်း ထုတ်လုပ်မှုကို တိုးမြှင့်ပေးသည့် နောက်ထပ်လုပ်ငန်းမှာ ဘယ်လ်ဂျီယံနိုင်ငံ၏ ဗန်ဒီဗဲလ်ဒီ အဝတ်အထည် ကုမ္ပဏီဖြစ်ကာ ယခုအခါ ဆေးရုံများအတွက် နှာခေါင်းစည်းများ ထုတ်လုပ်ပေးနေသည်။ ဆေးရုံများက အဆိုပါကုမ္ပဏီသို့ လိုအပ်သည့်ပစ္စည်းများထောက်ပံ့ပေးကာ ဗန်ဒီဗဲလ်ဒီ ကုမ္ပဏီက လုပ်အားခကိုကျခံ၍ ထုတ်လုပ်ပေးသည်။ဘယ်လ်ဂျီယံနိုင်ငံအနောက်ပိုင်းတော်ဟုတ် အသက် ၃၁ နှစ်အရွယ် လာဂေးသည် သူ၏ပထမဆုံးဒီဇိုင်းကို အကြမ်းရေးဆွဲဖန်တီးခဲ့သည်။ ဘယ်လ်ဂျီယံဆေးဘက်ဆိုင်ရာ အာဏာပိုင်တို့က လက်ခံသည့်ဒီဇိုင်းကို သူ့ကိုပေးအပ်ကာ သုံးစွဲရမည့် ပစ္စည်းများကိုလည်း အကြံပေးခဲ့သည်။
သူ၏နှာခေါင်းစည်းများကို ချည်သား ပိတ်စနှစ်ထပ် အသုံးပြုကာ ချုပ်လုပ်ထား သဖြင့် အပူချိန် ၉ဝ ဒီဂရီစင်တီဂရိတ်ဖြင့် လျှော်ဖွတ်ပေးနိုင်ကာ ပြန်လည်အသုံးပြု နိုင်သည်။အဖွဲ့ဝင်တိုင်းသည် တစ်နေ့လျှင် နှာခေါင်းစည်း အခု ၂ဝ ခန့် ချုပ်လုပ်နိုင်ပြီးအမျိုးသမီးများသာ ချုပ်လုပ်နေခြင်းမဟုတ်ပေ။ အမျိုးသားများစွာလည်း ချုပ်လုပ်နေကြသည်ဟု လာဂေးက ပြောသည်။
နေအိမ်တွင်ချုပ်လုပ်ကာ ပြန်လည်အသုံးပြုနိုင်သည့် နှာခေါင်းစည်းများ မည်မျှ ကာကွယ်မှုပေးသည်မှာ မရှင်းလင်းသော်လည်း နှာခေါင်းစည်းများမှာ အလွန်လိုအပ်နေကာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က နှာခေါင်းစည်းထုတ်လုပ်သူများကို ၄ဝ ရာခိုင်နှုန်းအထိ ထုတ်လုပ်မှုတိုးမြှင့်ရန် တောင်းဆိုထားသည်။ (အေပီ)

















