ပရီမီယာလိဂ်မှာ အကောင်းဆုံးဖန်တီးပေးနိုင်တဲ့ ကစားသမား ၁ဝ ဦး

ပရီမီယာလိဂ်မှာ အကောင်းဆုံးဖန်တီးပေးနိုင်တဲ့ ကစားသမား ၁ဝ ဦး

ဘောလုံးပွဲတွေ ရပ်နားထားချိန်မှာ ဒီနှစ်ပရီမီယာလိဂ်မှာ အကောင်းဆုံးဖန်တီးပေးနိုင်တဲ့ ကစားသမား ၁ဝ ဦးကို စုစည်းတင်ပြပေးထားပါတယ်။ ထူးခြားမှုရှိတဲ့ ကစားသမားတွေကိုသာ စုစည်းထားပါတယ်။

(၁ဝ) ဝီလျံ (ချယ်လ်ဆီး)

ဖန်တီးပေးမှု − ၅ ကြိမ်

သွင်းဂိုး − ၅ ဂိုး

အသက် − ၃၁ နှစ်

ကစားထားသည့်အချိန် − ၂၄၂၂ မိနစ်

အရင်ဆုံး နံပါတ် (၁ဝ) မှာရပ်တည်နေသူက ချယ်လ်ဆီး တောင်ပံကစားသမား ဝီလျံဖြစ်ပါတယ်။ အသက် ၃ဝ ကျော်နေပြီဖြစ်တဲ့ ဝီလျံဟာ လမ်းပတ်ရဲ့ ချယ်လ်ဆီးမှာ ဂျော်ဂျင်ဟို၊ မေဆင်မောင့်တို့နဲ့အတူ ဦးစားပေးကစားခွင့်ရတဲ့ သူဖြစ်ပါတယ်။ သူဟာ ချယ်လ်ဆီးမှာ ဂိုးရအောင် ပံ့ပိုးပေးနိုင်ဆုံး ကစားသမား ဖြစ်ပါတယ်။ ချယ်လ်ဆီးအတွက်ဂိုးရအောင် ငါးကြိမ်ဖန်တီးပေးခဲ့ပါတယ်။ ပြီးတော့ ဂိုးလည်း ငါးဂိုး သွင်းပေးခဲ့ပါတယ်။ ရာသီအစပိုင်းမှာ ဦးစားပေးနေရာမရလို့ မပျော်မရွှင်ဖြစ်ခဲ့ပေမဲ့ နောက်ပိုင်းမှာ လမ်းပတ်က ပြန်လည်ပွဲထုတ်လာခဲ့ပြီး ဝီလျံကလည်း ခြေစွမ်းတွေပြလာခဲ့ပါတယ်။ ထူးခြားတာက သူဂိုးသွင်းတဲ့ပွဲတိုင်း ချယ်လ်ဆီး အနိုင်ရပြီး သူဂိုးရအောင် ဖန်တီးတဲ့ပွဲတိုင်းမှာလည်း ချယ်လ်ဆီးဟာ နိုင်ပွဲတွေရခဲ့တာပဲ ဖြစ်ပါတယ်။လီဗာပူး၊ အာဆင်နယ်၊ စပါးတို့ကို အနိုင်ရတဲ့ပွဲတွေဟာ နမူနာပဲ ဖြစ်ပါတယ်။ လာမယ့် ရာသီမှာ ဝီလျံဟာ ချယ်လ်ဆီးက ထွက်ခွာနိုင်ဖွယ်ရှိပါတယ်။ Football Observatory က ဝီလျံကို ယူရို ၁ဝ သန်း အနိမ့်ဆုံး အပြောင်းအရွှေ့စျေး သတ်မှတ်ဖော်ပြထားပါတယ်။

 

(၉) ဂျက် ဂရီးလစ်ရှ် (ဗီလာ)

ဖန်တီးပေးမှု − ၆ ကြိမ်

သွင်းဂိုး − ၇ ဂိုး

အသက်− ၂၄ နှစ်

ကစားထားသည့်အချိန် −၂၃၃၄ မိနစ်

နံပါတ် (၉) မှာ ရှိတဲ့သူကတော့ တန်းဆင်းဇုန်ထဲမှာရှိတဲ့ အက်စ်တွန်ဗီလာ ကပ္ပတိန် ဂျက်ဂရီးလစ်ရှ်ပဲ ဖြစ်ပါတယ်။ သူက အသက် ၂၄ နှစ်ရှိပါပြီ။ သူ့ကို စိတ်ဝင်စားတဲ့ ကလပ်တွေလည်း အများအပြား ရှိနေပါတယ်။ မန်ယူဟာ သူ့ကို ပိုပြီး စိတ်ဝင်စားနေခဲ့ပါတယ်။ ဗီလာကို ဦးဆောင်နိုင်စွမ်းရှိတဲ့ တောင်ပံသမားဖြစ်ပါတယ်။ ဗီလာမှာဂိုးရအောင် ခြောက်ကြိမ်ဖန်တီးပေးထားပြီး ခုနစ်ဂိုးသွင်းထားသူဖြစ်ပါတယ်။ ဗီလာမှာဂိုး အများဆုံးသွင်းထားတဲ့ တောင်ပံကစားသမားလည်းဖြစ်ပါတယ်။ တိုက်စစ်ကို လိုက်ပါကစားတတ်တဲ့သူဖြစ်ပါတယ်။ ဗီလာအသင်း ၂ဝ၁၅−၁၆ ဘောလုံးရာသီကပရီမီယာလိဂ်က တန်းဆင်းသွားတဲ့ အချိန်ကတည်းက သူဟာထင်ရှားလာခဲ့သူ ဖြစ်ပါတယ်။ ဗီလာတန်းဆင်းသွားတော့ သူ့ကိုလိုချင်တဲ့ ပရီမီယာလိဂ် ကလပ်တွေ ရှိနေခဲ့ပေမဲ့ ဂရီးလစ်ရှ်ဟာ အသင်းမပြောင်းဘဲ ဗီလာနဲ့အတူ လိဂ်ချန်ပီယံရှစ်ကို လိုက်ပါကစားခဲ့သူ ဖြစ်ပါတယ်။ အဲဒီနောက်ပိုင်းကစပြီး ဗီလာရဲ့ဦးဆောင်သူဖြစ်လာခဲ့တာပါ။ အခုတော့သူ့ဟာ အသင်းပြောင်းနိုင်တဲ့အနေအထားမှာရှိပါတယ်။ အလိမ်အခေါက်ကောင်းတဲ့သူဖြစ်ပြီးက အသင်းကို ဦးဆောင်မောင်းနှင်နိုင်စွမ်းရှိခြင်းက ဂရီးလစ်ရှ် အရည်အသွေးဖြစ်ပါတယ်။ Football Observatory က ဂျက်ဂရီးလစ်ရှ်ရဲ့စျေးနှုန်းကို ယူရိုသန်း ၂ဝ အနိမ့်ဆုံး အပြောင်းအရွှေ့စျေးအဖြစ်ဖော်ပြထားပါတယ်။

 

(၈) ဒန်နီယယ် ဂျိမ်းစ် (မန်ယူ)

ဖန်တီးပေးမှု − ၆ ကြိမ်

သွင်းဂိုး− ၃ ဂိုး

အသက်− ၂၂ နှစ်

ကစားထားသည့်အချိန်−၂၁၇၅ မိနစ်

နံပါတ် (၈) နေရာမှာ ရှိတဲ့သူကတော့ မန်ချက်စတာ ယူနိုက်တက် တောင်ပံသမား ဒန်နီယယ်ဂျိမ်းစ် ဖြစ်ပါတယ်။ ဒန်နီယယ်ဂျိမ်းစ်ဟာ ပြီးခဲ့တဲ့နွေရာသီကမှ မန်ယူကို ပေါင် ၁၅ သန်းနဲ့ ဆွမ်ဆီးကပြောင်းလာခဲ့သူဖြစ်ပါတယ်။ မန်ယူမှာ ဖန်တီးမှုအများဆုံး ကစားသမားဟာ ဘယ်သူလဲကြည့်လိုက်ရင် ဒန်နီယယ်ဂျိမ်းစ်ကို တွေ့ရမှာဖြစ်ပါတယ်။ အခုရပ်နားသွားတဲ့အချိန်အထိ ဒန်နီယယ်ဂျိမ်းစ်ဟာ မန်ယူမှာဂိုးရအောင် ခြောက်ကြိမ်ဖန်တီးပေးထားသူဖြစ်ပါတယ်။ မန်ယူမှာ ဖန်းတီးပေးမှုအများဆုံး တောင်ပံသမားဖြစ်ပါတယ်။ အသက် ၂၂ နှစ်ပဲ ရှိသေးတဲ့ ဒန်နီယယ်ဂျိမ်းစ်ဟာ မန်ယူနဲ့ ပထမဆုံးပွဲမှာတင် ဂိုးသွင်းနိုင်တဲ့ ဝေးလ်တောင်ပံသမား ဖြစ်ခဲ့ပါတယ်။ ချယ်လ်ဆီးကို ၄-ဝ နဲ့နိုင်တဲ့ပွဲမှာ ဒန်နီယယ်ဂျိမ်းစ်ဟာ လူစားဝင်ကစားပြီး ဂိုးသွင်းခဲ့ပါတယ်။ သူဟာ မန်ယူအတွက် ခြောက်ကြိမ် ဂိုးရအောင်ဖန်းတီးပေးထားပြီး သုံးဂိုးသွင်းထားပါတယ်။ ချယ်လ်ဆီးပွဲမှာ တစ်ဂိုး၊ ခရစ္စတယ်ပဲလေ့စ်ပွဲမှာ တစ်ဂိုးနဲ့ ဆောက်သမ်တန်ကို ၁-၁ သရေကျတဲ့ပွဲမှာ တစ်ဂိုး စုစုပေါင်း သုံးဂိုးသွင်းခဲ့ပါတယ်။ မန်ယူနဲ့ ၂,၁၇၅ မိနစ် ကစားထားခဲ့ပါတယ်။ တောင်ပံနှစ်ဖက်စလုံးမှာ ကစားနိုင်တဲ့သူဖြစ်ပြီး ကစားရတဲ့အချိန်တိုင်းမှာ အားကြိုးမာန်တက် ကစားသူဖြစ်ပါတယ်။ ဘယ်တောင်ပံနေရာက ကစားရတဲ့အချိန်တွေမှာ ဂျိမ်းစ်ဟာ ဖန်တီးမှုပိုကောင်းတာ တွေ့ရပါတယ်။ ဘယ်တောင်ပံက ကစားရရင် သူဟာ ဖန်တီးမှုအားနည်းတာ တွေ့ရပါတယ်။ တစ်ခါတစ်ရံမှာ တိုက်စစ်ကိုပံ့ပိုးဖန်တီးပေးသင့်တဲ့အခါတွေမှာ မဖန်တီးပေးဘဲ အဆုံးသတ်တတ်တဲ့အကျင့်က သူ့အားနည်းချက်ဖြစ်ပါတယ်။ ဒီအချက်ကိုပြင်နိုင်ခဲ့ရင် ဒန်နီယယ်ဂျိမ်းစ်ဟာ မန်ယူမှာ ယခုထက်ပိုပြီး သိသိသာသာ တောက်ပလာမှာဖြစ်ပါတယ်။ Football Observatory ကဒန်နီယယ်ဂျိမ်းစ်ကို ယူရိုသန်း ၇ဝ အနိမ့်ဆုံး အပြောင်းအရွှေ့စျေးအဖြစ် သတ်မှတ်ဖော်ပြထားပါတယ်။

 

(၇) ဟာဗေးဘန်းစ် (လက်စတာ)

ဖန်တီးပေးမှု− ၆ ကြိမ်

သွင်းဂိုး − ၆ ဂိုး

အသက် − ၂၂ နှစ်

ကစားထားသည့်အချိန် − ၁၇၂ဝ မိနစ်

နံပါတ် (၇) မှာရှိတဲ့ ဖန်းတီးပေးမှုအကောင်းဆုံး ကစားသမားက လက်စတာစီးတီး တောင်ပံသမား ဟာဗေးဘန်းစ်ပဲဖြစ်ပါတယ်။ လက်စတာစီးတီးကွင်းလယ်မှာ မက်ဒီဆန်၊ တိုင်လီမန်တို့လောက် မထင်ရှားသေးတဲ့ လူငယ်ကစားသမားဖြစ်ပါတယ်။ ဟာဗေးဘန်းစ်ဟာ လက်စတာစီးတီး အကယ်ဒမီက မွေးဖွားလိုက်တဲ့ တောင်ပံသမား ဖြစ်ပါတယ်။ ဒန်နီယယ် ဂျိမ်းစ်လိုပဲ အသက် ၂၂ နှစ်ပဲရှိသေးတယ်။ သူဟာလက်စတာစီးတီးလို ကလပ်မှာ ဖြစ်နေလို့ မထင်မရှား ဖြစ်နေတဲ့ တောင်ပံသမား ဖြစ်ပါတယ်။ လက်စတာစီးတီးမှာ ဂိုးရအောင် အများဆုံး ဖန်တီးပေးနိုင်သူဟာ ဟာဗေးဘန်းစ်ဖြစ်တာကို တွေ့ရမှာဖြစ်ပါ တယ်။ ဟာဗေးဘန်စ်ဟာ လက်စတာမှာ ဂိုးရအောင် ခြောက်ကြိမ်ဖန်တီးပေးထားသူ ဖြစ်ပါတယ်။ ဂိုးက ခြောက်ဂိုးသွင်းထားတဲ့ တောင်ပံသမားဖြစ်ပါတယ်။ ဟာဗေးဘန်းစ်ဟာ အဂင်္လန် ယူ ၂၁ လက်ရွေးစင်ဖြစ်ပါတယ်။ အင်္ဂလန်စီနီယာအသင်းကြီးကို မကြာခင်ရောက်လာမယ့်သူဖြစ်ပါတယ်။ လက်စတာ မန်နေဂျာ ဘရန်ဒန်ရော်ဂျာကတော့ ဟာဗေဘန်းစ်ကို အင်္ဂလန် လက်ရွေးစင်အသင်းကြီးမှာ ခေါ်ယူဖို့ တိုက်တွန်းနေပါ တယ်။ သူက လက်စတာစီးတီးရဲ့ ဘယ်တောင်ပံသမားဖြစ်ပါတယ်။ သူခြေစွမ်းပြကစားလာလို့ အောဘရိုက်တန်၊ ဂရေးတို့ဟာ နေရာပျောက်သွားကြပါတယ်။ လက်စတာ Attacking ကို ကောင်းကောင်း ဖန်တီးပေးနိုင်စွမ်းရှိတဲ့သူ ဖြစ်ပါတယ်။ သူဟာ လက်စတာစီးတီးမှာ ၁,၇၂ဝ မိနစ်ပဲ ကစားရပါသေးတယ်။ ဘယ်အသင်းကြီးတွေက သူ့ကို လက်ဦးမှုရယူမလဲဆိုတာ စိတ်ဝင်စားနေမိပါတယ်။ Football Observatory က ဟာဗေးဘန်းစ်ရဲ့စျေးနှုန်းကို ယူရို သန်း ၅ဝ အနိမ့်ဆုံး ဖော်ပြထားပါတယ်။

 

(၆) အင်ဒရူး ရောဘတ်ဆန် (လီဗာပူး)

ဖန်တီးပေးမှု − ၇ ကြိမ်

သွင်းဂိုး− ၁ ဂိုး

အသက် − ၂၆ နှစ်

ကစားထားသည့်အချိန် − ၂၄၄၅ မိနစ်

နံပါတ် (၆) နေရာမှာ လီဗာပူး နောက်တန်းဘယ်အစွန် ကစားသမား အင်ဒရူးရောဘတ်ဆန်ကို ရွေးချယ်ထားပါတယ်။ ရောဘတ်ဆန်ဟာ လီဗာပူးမှာ ခုနစ်ကြိမ် ဂိုးရအောင် ဖန်တီးပေးထားတဲ့ နောက်တန်း ကစားသမား ဖြစ်ပါတယ်။ လီဗာပူးမှာ သူ့လို ဂိုးရအောင် ခုနစ်ကြိမ်ဖန်တီးထားတဲ့ မာနေးနဲ့ဖာမင်နိုတို့ ရှိကြပါတယ်။ဒါပေမဲ့ မာနေး၊ ဖာမင်နိုတို့ဟာလီဗာပူးတိုက်စစ် ကစားသမားတွေဖြစ်ကြပါတယ်။ ဒါကြောင့် ပိုပြီးထူးခြားတဲ့ အင်ဒရူးရောဘတ်ဆန်ကို ရွေးချယ်ထားတာ ဖြစ်ပါတယ်။ နောက်တန်းအစွန်သမား တစ်ယောက်ရဲ့တိုက်စစ်လိုက်ပါ ကစားအားက တိုက်စစ်ကို အများကြီးအထောက်အကူဖြစ်တယ်။ အသင်းအတွက် အကျိုးကျေးဇူးကြီးတယ်ဆိုတာကို တွေ့နေရလို့ ရွေးချယ်လိုက်တာ ဖြစ်ပါတယ်။ နောက်တန်းသမားဖြစ်နေတဲ့အတွက် ရောဘတ်ဆန်ဟာ ဂိုးသွင်းအားတော့ နည်းတာတွေ့ရမှာဖြစ်ပါတယ်။ သူ့ရဲ့ ပံ့ပိုးအားကြောင့် လီဗာပူးတိုက်စစ်ဟာ ပိုပြီးထက်မြက်မှုရှိစေတာ သေချာပါတယ်။ ရောဘတ်ဆန်က စကော့လူမျိုးဖြစ်ပါတယ်။ ဆဲလ်တစ်ကလပ်ကနေ ဟားလ်စီးတီးကို ပေါင် ၂ ဒသမ ၈၅ သန်းနဲ့ ၂ဝ၁၄ မှာ ပြောင်းလာခဲ့ပြီး ၂ဝ၁၇ ဇူလိုင်ရောက်တော့ လီဗာပူးက သူ့ကို ပေါင် ၈ သန်းနဲ့ စာချုပ်လိုက်တာဖြစ်ပါတယ်။ လီဗာပူးနဲ့ ခြေစွမ်းပြကစားနေလို့ အခုတော့ Football Observatory က ရောဘတ်ဆန်ကို ယူရိုသန်း ၈ဝ အနိမ့်ဆုံး အပြောင်းအရွှေ့စျေး သတ်မှတ်ဖော်ပြထားပါတယ်။

နောက်တစ်ပတ် ဆက်လက်ဖော်ပြပါမည်။



ဖတ်ရှုမှုအများဆုံး