အမေရိကန်နိုင်ငံမှ မန္တလေးမြို့သို့ ပြန်လာပြီးနောက် COVID-19 ရောဂါပိုးတွေ့ရှိသူစီးနင်းခဲ့သည့် ခိုင်မန္တလေးခရီးသည်တင်ယာဉ်ဖြင့် တစ်ကားတည်းစီးနင်းလိုက်ပါလာသူ ရှမ်းပြည်နယ်(မြောက်ပိုင်း)မူဆယ်မြို့မှ ခရီးသည်နှစ်ဦးအား Hospital Quarantine စောင့်ကြည့်လျက်ရှိရာ လက်ရှိအချိန်ထိ ကျန်းမာရေးကောင်းမွန်ကြောင်း မူဆယ်ခရိုင်အုပ်ချုပ်ရေးဌာန၏ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။
မတ်၂၀ ရက်က ရန်ကုန်မှ ည ၁၀ နာရီထွက်ခွာလာသည့် ခိုင်မန္တလေးခရီးသည်တင်ယာဉ်တွင် လိုက်ပါစီးနင်းခဲ့သည့် အဆိုပါခရီးသည်နှစ်ဦးအား မေးမြန်းစစ်ဆေးပြီးနောက် စောင့်ကြည့်မှု လုပ်ဆောင်နေသည်ဟု ဆိုသည်။
“သူတို့မေးမြန်းတာ့ ပိုးတွေ့လူနာက ရှေ့ဆုံးတန်းမှာထိုင်တယ်။မူဆယ်က နှစ်ယောက်က နောက်ဆုံးတန်းမှာထိုင်ပြီး ကားက တစ်စီးထဲ စီးနင်းလာလို့ လိုအပ်တာတွေ ဆောင်ရွက်တယ်။သတင်းရရချင်းပဲ သူတို့ရပ်ကွက်နားမှာ အသွားအလာ ခဏပိတ်ပြီး ဆေးဖြန်းတာတွေလုပ်တယ်။အဲဒီနှစ်ယောက်က ကျန်းမာရေးအားလုံးကောင်းမွန်ပါတယ်”ဟု ၎င်းက ပြောသည်။
အဆိုပါနှစ်ဦးသည် မူဆယ်မြို့တောင်ပိုင်းရပ်ကွက်တွင် နေထိုင်သူဖြစ်ပြီး ၎င်းတို့သည် ခိုင်မန္တလေးခရီးသည်တင်ယာဉ်ဖြင့် တစ်စီးထဲပါရှိလာသည်ဟု သိရှိရသည့်အတွက် မူဆယ်မြို့နယ်မှ တာဝန်ရှိသူများ၊ကျန်းမာရေးဌာနနှင့် ပရဟိတ အသင်းများက လိုအပ်သည့် ကာကွယ်ရေးလုပ်ငန်းများလုပ်ဆောင်ခဲ့ပြီး မူဆယ်ဆေးရုံတွင် Hospital Quarantine အဖြစ် ၁၄ ရက်စောင့်ကြည့်ထားကြောင်း သိရသည်။
“မူဆယ်မှာ လူနာတွေ့တယ်။သေသွားတယ်ဆိုပြီး ကောလာဟလတွေက ပြန့်နေတယ်။အမှန်ကနှစ်ယောက်လုံးမှာ ရောဂါရှိတယ်လို့ ပြောသေးတာမဟုတ်ဘူး။တစ်ကားထဲ အတူစီးလာမိလို့ ကူးစက်နိုင်ခြေရှိတာကြောင့်ဆေးရုံမှာ ၁၄ ရက်စောင့်ကြည့်ဖို့ ခေါ်သွားတာပါ။လက်ရှိမှာ ကျန်းမာရေးကောင်းပါတယ်”ဟု ကရုဏာလူမှုကူညီရေးအသင်းမှ ဦးသောင်းထွန်းက ပြောသည်။
မန္တလေးမှ လူနာသည် အမေရိကန်နိုင်ငံသားခံယူထားသူ မြန်မာဖြစ်ပြီး အမေရိကန်နိုင်ငံမှ Qatar Airline ဖြင့် မတ် ၁၉ ရက် ၆ နာရီတွင် ရန်ကုန်လေဆိပ်သို့ရောက်ရှိလာကာ တောင်ဥက္ကလာပမြို့နယ်၌ တစ်ညအိပ်နေထိုင်၍ ၂၀ ရက် နေ့ည ၁၀ နာရီတွင် ခိုင်မန္တလေးယာဉ်ဖြင့် မန္တလေးသို့ ပြန်ရောက်ရှိခဲ့သည်။
လက်ရှိတွင် ၎င်းကို မန္တလေးကန်တော်နဒီဆေးရုံတွင် စောင့်ကြည့်ကုသမှုပြုလုပ်နေပြီး ကျန်းမာရေးကောင်းမွန်ကြောင်း သိရသည်။
















