မန္တလေးဈေးချိုအပါအဝင် ဈေးအားလုံးကို ရက်အကန့်အသတ်မရှိ ပိတ်၊ စားသောက်ကုန်နှင့် ဆေးဆိုင်များဖွင့်လှစ်နိုင်

မန္တလေးဈေးချိုအပါအဝင် ဈေးအားလုံးကို ရက်အကန့်အသတ်မရှိ ပိတ်၊ စားသောက်ကုန်နှင့် ဆေးဆိုင်များဖွင့်လှစ်နိုင်

မန္တလေးမြို့ ဈေးချိုတော်နှင့် မြို့တော်စည်ပင်သာယာရေးကော်မတီ စီမံခန့်ခွဲမှုအောက်ရှိ ဈေးအားလုံးကို မတ် ၂၈ ရက် ညနေပိုင်းမှစ၍ ရက် အကန့်အသတ်မရှိ ပိတ်တော့မည်ဖြစ်ပြီး စားသောက်ကုန်နှင့် ဆေးဝါးရောင်းချသည့်ဆိုင်များ ဖွင့်လှစ်နိုင်ကြောင်း မြို့တော်စည်ပင်သာယာရေးကော်မတီမှ သိရသည်။

စည်ပင်သာယာရေးကော်မတီ စီမံခန့်ခွဲမှုအောက်တွင် ဈေးပေါင်း ၄၀ ကျော်ရှိရာ အစားအသောက်နှင့် ဟင်းသီးဟင်းရွက်အပါအဝင် ဆေးဝါး များမှလွဲ၍ ကျန်သည့်ကုန်ပစ္စည်းများ ရောင်းချမှုကို ရက်အကန့်အသတ်မရှိ ယာယီပိတ်ထားမည်ဖြစ်ပြီး ဈေးသည်များအနေဖြင့် နေအိမ်တွင် ရောင်းချခွင့်ရှိကြောင်း သိရသည်။

"ဈေးအကျိုးတော်ဆောင်တွေနဲ့ ဒီနေ့မနက် ညှိနှိုင်းခဲ့ပါတယ်။ ဈေးသည်တွေအနေနဲ့ ကိုယ့်ပစ္စည်းကို အိမ်ယူပြီး ရောင်းလို့ရတယ်။ တချို့ ဆိုင်တွေက စိုးရိမ်မှုနဲ့ပိတ်တယ်။ တချို့က ပစ္စည်းတွေမလုံခြုံမှာ စိုးရိမ် ကြတယ်။ ပိတ်မယ်ဆိုရင်လည်း ညီညီညွတ်ညွတ် ပိတ်ကြဖို့ပါ။ လက်ရှိအခြေအနေအရ လူစုခွဲလိုက်ခြင်းဖြင့် ရောဂါပိုးပျံ့နှံ့မှု ကာကွယ်ရာရောက်မယ်လို့ ယူဆတဲ့အတွက် အခုလိုပိတ်တာဖြစ်ပါတယ်"ဟု မြို့တော်စည်ပင်သာယာရေးကော်မတီဝင် ဦးကျော်ဆန်းမြင့်က ပြောသည်။

မတ် ၂၈ ရက် နံနက်ပိုင်းက မြို့တော်စည်ပင်သာယာမှ အရေးပေါ်အစည်းအဝေးခေါ်ပြီး ယခုကဲ့သို့ ဈေးပိတ်ရန် ညွှန်ကြားလိုက်ခြင်းဖြစ်ကြောင်း၊ ဈေးချိုဆိုင်ခန်းရှင်များအနေဖြင့် ရောင်းချမည့်ပစ္စည်းများကို သယ်ယူလိုက သယ်ယူနိုင်ရန် ညနေ ၄ နာရီအထိ အချိန်ပေးမည်ဟု ဈေးချိုတော်နှင် တိုက်တန်းကြီးအကျိုးတော်ဆောင်ဥက္ကဋ္ဌ ဦးအောင်မြင့်သိန်းက မြန်မာတိုင်းမ်နေ့စဉ်သို့ ပြောသည်။

"စည်ပင်သာယာရေးကော်မတီ လမ်းညွှန်ချက်နဲ့ ဈေးချိုကို ပိတ်တာပါ။အကြောင်းတစ်စုံတစ်ရာ ပြန်ကြားချက် ရတဲ့အထိ ပိတ်ထားမယ်။ စားသောက်ကုန်နဲ့ ဆေးဝါးရောင်းတာတော့ ခွင့်ပြု ပေးတယ်။ ဒါပေမဲ့ ဈေးချိုရုံကိုတော့ ပိတ်မှာဖြစ်ပြီး ဆေးဝါးဆိုင်တွေရော အားလုံးပိတ်မှာ။ ဆေးဝါးနဲ့ပတ်သက်ပြီး လိုအပ်တာရှိလို့ ယူချင်ရင် ဆိုင်ခန်းရှင်တွေအတွက် ဈေးကော်မတီက ရုံဖွင့်ပြီး ယူပေးမယ်။ နောက်ထပ် စည်ပင်ညွှန်ကြားချက်လာတဲ့အချိန်အထိ စောင့်ရမယ်"ဟု ၎င်းက ပြောသည်။

ရောဂါပြန့်ပွားမှုအခြေအနေ ဆိုး ရွားလာပါက အစားအသောက်နှင့် ဆေးဝါးများ ပြတ်လပ်မှုမရှိစေရန် ရပ်ကွက်များအတွင်း လှည့်လည်ရောင်းချပေးမည်ဖြစ်ပြီး ဆန်ကုန်သည်များအသင်း၊ မွေးမြူရေး လုပ်ငန်းရှင်များအသင်းတို့နှင့် ကြိုတင်ညှိနှိုင်းထားပြီးဖြစ်ကြောင်း သိရသည်။

မန္တလေးမြို့၌ မတ် ၂၇ ရက်က အမေရိကန်နိုင်ငံမှ ဝင်ရောက်လာသူ အမျိုးသားတစ်ဦးတွင် COVID-19 ဗိုင်းရပ်စ်ပိုးတွေ့ရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက အတည်ပြုထုတ်ပြန်ခဲ့ပြီး ၎င်းကို မန္တလေးမြို့ ကန်တော်နဒီဆေးရုံ၌ စောင့်ကြည့်ကုသပေးလျက်ရှိသည်။ မတ် ၂၈ ရက်အထိ မြန်မာနိုင်ငံ တွင် ပိုးတွေ့သူ အတည်ပြုလူနာပေါင်း ရှစ်ဦးရှိပြီဖြစ်သည်။      

 



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး