ရှမ်းပြည်နယ်(မြောက်ပိုင်း)မူဆယ် ၁၀၅ မိုင်နယ်စပ်ကုန်သွယ်ရေးစခန်းမှ မြန်မာ-တရုတ်ကုန်သွယ်ရေး ပုံမှန် အခြေအနေတွင် ရှိနေပြီး ပို့ကုန်တင်ဆောင်သည့် ၁၂ ဘီး/၂၂ ဘီးတွဲကားစီးရေ နေ့စဉ် တစ်ထောင် ခန့်ထိ ရှိနေကြောင်း မူဆယ်(၁၀၅)မိုင်ကုန်သွယ်ရေးဇုန် စီမံဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးစံဖြိုးဝေကပြောသည်။
ပို့ကုန်တင်ဆောင်လာသည့် ယာဉ်များမှာ မူဆယ်အဝင်လမ်းပိုင်းများတွင် အချို့မှာ အရှေ့မြောက်တံခါး အသီးအရောင်းကွင်းသို့ ဝင်ရောက်ရန် ညအိပ် စောင့်ဆိုင်းနေရပြီး မြန်မာ-တရုတ်နယ်စပ်ကုန်သွယ်ရေး ဝင်/ထွက်ဂိတ် များ ပိတ်ထားခြင်းမရှိဟုဆိုသည်။
“မူဆယ် ၁၀ မိုင်ကုန်သွယ် ရေးဇုန်မှာတော့ ကုန်သွယ်ရေးအခြေအနေက ပို့ကုန်ကားတွေက အစီးတစ်ထောင် လောက်ရှိတယ် ပုံမှန်ဘဲ ။ ကုန်သွယ်ရေးအခြေအနေက ပုံမှန်ဘဲ ။အခြားအတားအဆီးတွေ မရှိပါဘူး”၎င်းက ပြောသည်။
လက်ရှိအခြေအနေတွင် ဖရဲနှင့် သခွားတင်ဆောင်သည့် တရုတ်ပို့ကုန် သီးနှံကုန်တင်ကားများသည် နေ့စဉ် အစီးရေ တစ်ထောင်ခန့်ဝင်ရောက်နေပြီး အစီးရေများပြားသဖြင့် လက်ကျန်ကားများက လမ်းမများပေါ်တွင် ရပ်တန့်ထားရသဖြင့် သီးနံအရောင်းကွင်းထဲသို့ အလှည့်ကျဝင်ရောက်နိုင်ရန် ပွဲစားများနှင့် ပို့ကုန်/သွင်းကုန် အေးဂျင့်များက စီစဉ်ပေးနေရသည်။
“ကားအဝင်အထွက် လျော့တာမရှိဘဲ ပုံမှန်ပါ။အသီးကားတွေက တစ်ရက်ကို ၁၀၀၀ လောက်ရှိတယ်။ တရုတ် ဘက်ကို ကုန်ကားတွေ အကုန်မဝင်နိုင်တော့ လက်ကျန်ကားတွေနဲ့ လမ်းပေါ်မှာပြည့်နေတော့ ပွဲစားတွေ အေး ဂျင့်တွေစောင့်ပြီး တစ်စီးချင်း သွင်းပေးနေရတယ်။သွင်းကုန်ပိုင်းမှာတော့ ကုမ္ပဏီ တချို့ပိတ်ထားလို့ မဖြစ်မနေ လောက်ပဲ သွင်းနေတယ်”ဟု မူဆယ် သီးနှံကုန်စည်ဒိုင်မှ တာဝန်ခံ ဒေါ်ရီရီခိုင်ကပြောသည်။
သီးနှံအရောင်းကွင်းမှ တရုတ်နိုင်ငံ ဝမ်တိန်ကွင်းသို့ သီးနံကုန်တင်ကားများဝင်ရောက်ရာ၌ အဆင်ပြေစေရန် အတွက် ယာဉ်မောင်းယာဉ်နောက်လိုက်များ Mask တပ်တင်ထားမှု၊ ကားနှင့် ပတ်သက်သည့် စာရွက်စာတမ်း များပြည့်စုံစေရန် ကြပ်မတ်ပေးနေကြောင်း၊ သီးနှံများဈေးကွက်တွင် တရုတ်ဘက်မှ ကုန်သည် ၃၀၀ ခန့်အဝယ် ရှိနေပြီး ဖရဲသခွားအဝင်များသောကြောင့် ဈေးနှုန်းမှာလည်း မတည်ငြိမ်ဘဲ အရည်အသွေးပေါ် မူတည်၍ ပေါက် ဈေးရှိကြောင်းသိရသည်။
“၁၀၅ မိုင်နဲ့ ဝမ်တိန်အကြား လမ်းပိုင်းပိတ်ဆို့လို့ တရုတ်ဘက်ဝင်မယ့် သီးနှံကားတွေ စောင့်ဆိုင်း နေရတာ အစီးရေ ၁၀၀၀ လောက်ရှိတယ်။ကားခ ဈေးတက်နေတာက သီးနှံရောင်းဈေးကျတာထက် ပိုဆိုးတယ်။တချို့ က အလောတကြီးနဲ့ကြောက်လန့်ပြီး အရည်အသွေးမမီဘဲ တင်ပို့လိုက်တော့ဈေးကွက်ထိခိုက်တယ်” ဟုခွာညို သစ်သီးပွဲရုံမှ ဦးစိုင်းခင်မောင်ကပြောသည်။
၂၀၁၉ အောက်တိုဘာ ၁ ရက်မှ၂၀၂၀ မတ် ၂၀ ရက်နေ့ထိ နယ်စပ်ကုန်သွယ်မှုစာရင်းများအရ မူဆယ် ကုန်သွယ်ရေးစခန်းတွင် ပို့ကုန် ဒေါ်လာသန်းပေါင်း ၁၄၉၈ ဒသမ ၇၃၉နှင့် သွင်းကုန် သန်းပေါင်း ၈၄၇ ဒသမ ၀၄၉ ၊စုစုပေါင်း ကုန်သွယ်မှုပမာဏ ဒေါ်လာသန်းပေါင်း၂၃၄၅ ဒသမ ၇၈၈ ရှိပြီး ယခင်နစ်ကာလတူ ကုန်သွယ် မှု ပမာဏ အမေရိကန် ဒေါ်လာသန်းပေါင်း၂၁၉၄ ဒသမ၂၉၆ ရှိခဲ့ရာ ဒေါ်လာသန်းပေါင်း၁၅၁ ဒသမ ၄၉၂ ပမာဏ ပိုမိုခဲ့ကြောင်း စီးပွား/ကူးသန်းထုတ်ပြန်ချက်များအရ သိရသည်။

















