ဥရောပဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဆီဖာရင်က COVID-19 ကြောင့် ရွှေ့ဆိုင်းထားရသော ဘောလုံးပြိုင်ပွဲ များကို လာမည့်ဇွန်လကုန်၌ ပြန်မစနိုင်ပါက ယခုနှစ်ဘောလုံးရာသီမှာ ပျက်ပြယ်ဖွယ်ရှိနေပြီဟု ဝန်ခံပြောကြား ခဲ့သည်။
ကမ္ဘာ့ကပ်ရောဂါ COVID-19 ကြောင့် နယ်ပယ်အလိုက် ထိခိုက်မှုများရှိနေရာ အားကစားရပ်ဝန်းလည်း ပါဝင်နေပြီး ဘောလုံးပြိုင်ပွဲများကို ရွှေ့ဆိုင်းထားရသည်။ ယူအီးအက်ဖ်အေသည် COVID-19 ကြောင့် ယူရို ၂၀၂၀ ဘောလုံးပြိုင်ပွဲကိုလည်း တစ်နှစ် နောက်ဆုတ်ကျင်းပရန် ဆုံးဖြတ်ခဲ့ရသည်။
လက်ရှိတွင် COVID-19 အကျိုး ဆက်အနေဖြင့် ဥရောပထိပ်တန်းလိဂ် ငါးခုရွှေ့ဆိုင်းထားရပြီး အင်္ဂလန်၌မူ ဘောလုံးပြိုင်ပွဲများကို လာမည့်ဧပြီ ၃၀ ရက်အထိရွှေ့ဆိုင်းထားရကြောင်း သိရသည်။ COVID-19 ကြောင့် ဘောလုံးပြိုင်ပွဲများ မည်သည့်အချိန် ပြန်စရန်မှာမူ အတိအကျအဖြေမထွက် သေးပေ။
ဆီဖာရင်က ဘောလုံးပွဲများပြန်စရန်အတွက် Plan A, B, C ရှိကြောင်း၊ မေလလယ် သို့မဟုတ် ဇွန်လနှင့် ဇွန်လ ကုန်၌ ဘောလုံးပွဲများ ပြန်စနိုင်ရန် ရွေးချယ်မှုရှိကြောင်း၊ ဘောလုံးပွဲများ ပြန်စရန်မတတ်နိုင်ခဲ့ပါက ယခုနှစ် ဘောလုံးရာသီမှာ ပျက်ပြယ်သွားမည် ဖြစ်ကြောင်း၊ လာမည့်နှစ်ဘောလုံး ရာသီအစ၌ ရွှေ့ဆိုင်းထားရသော ဘောလုံးပွဲများကို ပြန်စရန်မှာလည်း ဖြစ်ကောင်းဖြစ်နိုင်ကြောင်း၊ လိဂ်များနှင့် ကလပ်များအတွက် အကောင်းဆုံးအဖြေကို ရှာဖွေရမည်ဖြစ်ကြောင်း၊ ပွဲများကို ပရိသတ်မပါဘဲကစားရန်မှာ ခက်ခဲကြောင်း အီတလီသတင်းစာ တစ်စောင်သို့ ပြောကြားခဲ့သည်။















