တာချီလိတ်မြို့နယ်တွင် COVID-19 ကာကွယ်ရေးအတွက် စည်ပင်မှ ထားရှိသည့် လက်ဆေးဘေစင် ၃ ခုဖျက်ဆီးခံရမှုနှင့်ပတ်သက်၍ စုံစမ်းလျက်ရှိကြောင်း တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူးက ယနေ့မတ် ၃၀ ရက်တွင် ပြောသည်။
" ရှမ်းရိုးမကွင်းရှေ ့က လက်ဆေးဘေစင် ၃ ခုဖျက်ဆီးခံထားရတယ်။ အခု ကျွန်တော်တို့ ပြန်ပြင်ပြီးပါပြီ။ ကိုယ်မြို့ရွာ အတွက် ရောဂါပိုးကာကွယ်ဖို့ အတွက် အခုလို ဆောင်ရွက်ထားတာကို တော့ မဖျက်ဆီးသင့်ဘူးလို့ ထင်တယ်။ စုံစမ်းစစ်ဆေးပြီး အရေးယူဆောင်ရွက် ဖို့ရှိတယ်" ဟု တာချီလိတ်မြို့နယ်အထွေထွေ အုပ်ချုပ်ရေးမှူးက ပြောသည်။
ဗိုလ်ချုပ်အောင်ဆန်းလမ်းမကြီးဘေးရှိနေရာ ၃ ခုတွင်စည်ပင်မှထားရှိသည့် လက်ဆေးဘေစင် ၃ ခုမှာ ယနေ့ နံနက်ပိုင်းတွင် ဖျက်ဆီးခံထားရပြီး ဆပ်ပြာ ၃ ဘူး လည်းပျောက်ဆုံးနေကြောင်း သိရသည်။
COVID-19 ကူးစက်မှု မရှိစေရေးနှင့် ကြိုတင်ကာကွယ် နိုင်ရေးအတွက် တာချီလိတ်မြို့ နယ်စည်ပင်သာယာရေးဌာနက အများပြည်သူ အသွားအလာ များသည့် ရှမ်းရိုးမကွင်းရှေ့တွင် လက်ဆေးဘေစင် (၃)ခု၊ အ.ထ.က(တာချီလိတ်)ကျောင်းရှေ့တွင် လက်ဆေးဘေစင်(၃)ခု၊ ဘုရင့်နောင်ရင်ပြင်ရှေ့တွင် လက်ဆေးဘေစင်(၃)ခုစီတို့ကို မတ် ၂၆ ရက်တွင် ထားရှိ ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

















