သထုံမြို့နယ်တွင် ငွေစက္ကူ အတုများဖြင့် ကားဝယ်ယူခဲ့ပြီး ပြန်လာသူ ၂ ဦးကို ဖမ်းဆီးအရေးယူထားကြောင်း ယနေ့မတ် ၃၀ ရက်တွင် ရဲတပ်ဖွဲ့ထံမှ သိရသည်။
မတ် ၂၈ ရက် ည ၁၁ နာရီခန့်တွင် သထုံမြို့ ဒူးရင်းဆိပ်ကျေးရွာ အုပ်စု၊ ရွှေကြာပန်းကျေးရွာ၊ ရွှေသံလွင်တိုးဂိတ်အနီး သထုံခရိုင်ရဲတပ်ဖွဲ့မှုခင်းအကူဌာနမှ ရဲအုပ် ကျော်လင်းဦးနှင့် ပူးပေါင်းအဖွဲ့ဝင်များက ဖြတ်သန်းသွားလာသည့် ယာဉ်များကို စစ်ဆေးခဲ့သည်။
ထိုသို့စစ်ဆေးနေစဉ် သထုံမှဘားအံသို့ ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ်နေ ယာဉ်မောင်း ထွန်းထွန်းဝင်း(ခ)တင်ထွန်းအောင် (ခ)ဖိသာ မောင်းနှင်ပြီး လီအို (ခ)ဘိုဘိုဝင်း (ခ) ဖိကျ လိုက်ပါလာသည့် Mark II အမျိုးအစားယာဉ်ကို စစ်ဆေးခဲ့သည်။
ထွန်းထွန်းဝင်း (ခ) တင်ထွန်းအောင် (ခ)ဖိသာ ဝတ်ဆင်ထားသည့် မြင်းပျံတံဆိပ်ပါ မီးခိုးရောင် ဖြူနီကျား ဘောင်းဘီရှည်၏ ယာဘက်အိတ်ကပ်အတွင်း နံပါတ်တူ ကျပ် ၁၀ဝဝ တန်အသေး ငွေစက္ကူ (၂)ရွက်ကို တွေ့ရှိခဲ့သည်။
တွေ့ရှိသည့် ငွေစက္ကူ အတုနှင့်ပတ်သက်၍ ဆက်လက်မေးမြန်းရာ ၄င်းတို့ စီးနင်းလာသည့် ယာဉ်ကို သထုံမြို့နေ အမျိုးသားတစ်ဦးထံမှ ငွေစက္ကူအတု ငွေကျပ် ၁၈ သိန်းဖြင့် ထွန်းထွန်းဝင်းက ဝယ်ယူခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည်။
၄င်းတို့ ကားဝယ်ယူခဲ့သည့် ငွေစက္ကူ အတုများအနက် ကျပ် ၁၀ဝ၀ တန် ငွေစက္ကူ ၁၇၉၆ ရွက်ကို သက်ဆိုင်ရာက ပြန်လည်သိမ်းဆည်းခဲ့ပြီး ၄င်းတို့ ၂ ဦးကို သုဓမ္မဝတီနယ်မြေစခန်းက မြန်မာနိုင်ငံ တော်ဗဟိုဘဏ်ဥပဒေပုဒ်မ ၁၀၆/၁၀၇ အရ အမှုဖွင့် အရေးယူထားသည်။

















