ရှမ်းပြည်နယ်(မြောက်ပိုင်း)ကျောက်မဲမြို့မှ COVID-19 ပိုးတွေ့ရှိသူ အမျိုးသားလူနာတစ်ဦးအား ယနေ့ မတ် ၃၁ ရက် နံနက် ၁၁ နာရီခန့်က လားရှိုးဆေးရုံသို့ ပို့ဆောင်ခဲ့ပြီး ကိုရိုနာ ဗိုင်းရပ်စ် လက္ခဏာ သံသယရှိသူ လေးဦး တွေ့ရှိသဖြင့် ဓာတ်ခွဲ နမူနာများကို ရန်ကုန်မြို့၊အမျိုးသားဓာတ်ခွဲခန်းသို့ ပို့ဆောင်ထားရာ တစ်ဦးမှာ ယနေ့ညပိုင်းတွင် ဓာတ်ခွဲ အဖြေထွက်ရှိမည်ဟု ကျောက်မဲဆေးရုံကြီးမှ တာဝန်ရှိသူတစ်ဦးက မတ် ၃၁ ရက်တွင် ပြောသည်။
ကျောက်မဲတွင် COVID-19 ပိုးတွေ့ရှိမှု ပထမဆုံးဖြစ်ပြီး ပြည်ပမှ ပြန်လာသူ ၁၂၀ ကျော်ကို Facility Quarantine အဖြစ် ထားရှိကာ ယနေ့ရောက်ရှိလာသူများအနေဖြင့် စောင့်ကြည့်နေရာများတွင် နေထိုင်လိုခြင်းမရှိပါက ၎င်းတို့နေအိမ်၌ Home Quarantine အဖြစ် ဗီနိုင်းကပ်အသိပေးကာ အပြင်မထွက်ရန် စောင့်ကြည့်သွားမည်ဖြစ်သည်။
“ကျောက်မဲမြို့ဝင်မှာ ကျန်းမာရေးစစ်ဆေးပြီး ကောင်းတဲ့သူတွေကို Quarantine နေရာသုံးနေရာကို ပို့တယ်။ သံသယလက္ခဏာရှိသူ လေးဦးမှာ တစ်ဦးက မနေ့က ပို့ထားပြီး ဒီညမှာ အဖြေသိရမယ်။ ဒီနေ့ စစ်ဆေးဖို့ ၃ ဦးရဲ့ ဓါတ်ခွဲနမူနာ ထပ်ပို့လိုက်ပါ တယ်”ဟု ၎င်းကပြောသည်။
သံသယ လက္ခဏာတွေ့ရှိရသူ လူနာ လေးဦးအား ကျောက်မဲဆေးရုံ၌ သီးသန့်ခန်း၌ ထားရှိစောင့်ကြည့်နေပြီး COVID-19 ပိုးတွေ့ရှိသူမှာ မတ် ၂၅ ရက်က ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှ တာချီလိတ်မြို့ရောက်ရှိကာ နှစ်ည နေထိုင်ခဲ့ ကြောင်း၊၂၇ ရက်တွင် တာချီလိတ်မှ လေကြောင်း လိုင်းဖြင့် မန္တလေးသို့ရောက်ရှိကာ ကိုယ်ပိုင်ကားဖြင့် ညပိုင်းတွင် ကျောက်မဲမြို့သို့ရောက်ရှိခဲ့ခြင်းဖြစ်သည်။
“ထိုင်းနဲ့တရုတ်က ပြန်လာတဲ့သူများတယ်။ ဒါတောင် အကုန်မရောက်လာသေးဘူး။ ဒီညနေမှ စမှာ ဆိုတော့ Camp ထဲ မနေချင်သူတွေကို Home Quarantine ထားပေးမယ်။ သူတို့အိမ်တွေမှာ ဗီနိုင်းဆိုင်းဘုတ် ချိတ်ထားမယ်။ ကျောက်မဲမှာ ညဈေး၊ KTV တွေ ပိတ်ထားပြီး ဈေးတော့ မပိတ်ဘူး။ စားသောက်ဆိုင်တွေက ပါဆယ်ရောင်းဖို့ပါ” ဟု ကျောက်မဲမြို့မှ ဦးကျော်ကျော်ဦးက ပြောသည်။
ဟိုတယ်/တည်းခိုခန်းအချို့နှင့် ဈေးအတွင်း ဆိုင်ခန်းအချို့ မိမိတို့သဘောဆန္ဒဖြင့် ပိတ်ထားသည်များရှိ၍ မြို့ဝင် ပေါက်တစ်ခုသာဖွင့်ကာ ကျန်းမာရေးစစ်ဆေးမှုများလုပ်ဆောင်နေကဲ့သို့ ဈေးများ၊ကားဂိတ်များ၊ ဘုန်းတော်ကြီး ကျောင်းများတွင် ပိုးသတ် ဆေးဖြန်းထားပြီး၊ စောင့်ကြည့်ဌာန ၃ ခုအဖြစ် အထက ၃၊ အထက ၄နှင့် မိုးလုံ လေလုံအားကစားခန်းမတို့ တွင် ဖွင့်လှစ်ထားပြီး အထက ၂ ကျောင်းကိုလည်းကြိုတင် ပြင်ဆင်ထားသည်။

















