COVID-19 ကြောင့် တကမ္ဘာ လုံးအတိုင်းအတာအရ နယ်ပယ်အလိုက် စီးပွားရေးထိခိုက်မှုများရှိ နေသည့်အချိန် ဘာစီလိုနာအသင်း ခေါင်းဆောင်မက်ဆီက ၎င်းအပါအဝင် ကစားသမားများသည် အသင်းကို တစ်ဖက်တစ်လမ်းမှ ပံ့ပိုးသည့်အနေဖြင့် လုပ်ခလစာရာခိုင်နှုန်း ၇ဝ လျှော့ယူ မည်ဖြစ်ကြောင်း အင်စတာဂရမ်မှ တစ်ဆင့်ကြေညာခဲ့သည်။
COVID-19 အကျပ်အတည်း ကာလအတွင်း ကစားသမားများက ကလပ်အသင်းကို မည်သည့်နည်းလမ်း ဖြင့်ကူညီနိုင်မည်ကို အဖြေရှာနေရ သောကြောင့် လစာလျှော့ယူ ရေးကိစ္စ မှာနှောင့်နှေးခဲ့ရကြောင်း အာဂျင်တီး နားတိုက်စစ်မှူးမက်ဆီက ပြောကြား ခဲ့သည်။
စပိန်နိုင်ငံသည် COVID-19 ဒဏ်အခံရဆုံး နိုင်ငံတစ်နိုင်ငံဖြစ်ပြီး မတ် ၃၁ ရက်အထိ ကူးစက်သူ ၈ဝဝဝဝ ကျော်ရှိနေပြီး သေဆုံးသူ ၇ဝဝဝ ကျော် ရှိနေကြောင်း သိရသည်။
မက်ဆီက ဘာစီလိုနာအသင်း တာဝန်ရှိသူများ တောင်းဆိုမှုပြုလုပ် လာသည့်အချိန် ကစားသမားများမှာ အကူအညီပေးရန်အသင့်ရှိနေကြောင်း၊ လက်ရှိအချိန်မှာ လစာရာခိုင်နှုန်း ၇ဝ လျှော့ယူရမည့်အချိန်ဖြစ်ကြောင်း၊ ကလပ်အသင်းဝန်ထမ်းများအနေဖြင့် COVID-19 အကျပ်အတည်းကာလ၌ လစာအပြည့်အဝရရှိစေရန် နောက်ထပ် ပံ့ပိုးမှုများပြုလုပ်ပေးမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
လစာလျှော့ယူရေးကို ပြုလုပ်ရမည်ဟု မက်ဆီက အဆိုပြုခဲ့ ကြောင်း၊ ကစားသမားကိုယ်စီ၏အသင်း အပေါ်ထားရှိသော ကတိကဝတ်ကို ကျေးဇူးတင်ရှိကြောင်း ဘာစီလိုနာ အသင်းဥက္ကဋ္ဌဘာတိုမြူက ပြောကြား ခဲ့သည်။ ဘာစီလိုနာဘောလုံးအသင်း အပြင် ဘတ်စကက်ဘောအသင်းမှာ လည်း လစာလျှော့ယူရေးကို သဘော တူညီခဲ့သည်။
မက်ဆီသည် ဘာစီလိုနာနှင့်စာချုပ် အရ တစ်ပတ်လုပ်ခလစာပေါင်ငါးသိန်း ရရှိနေရာ လစာရာခိုင်နှုန်း ၇ဝ လျှော့ချ ပါက တစ်ပတ်လျှင် ပေါင် ၁၅ဝ,ဝဝဝ သာရမည်ဖြစ်သည်။















