မိုးကုတ်မြို့တွင် COVID - 19 နှင့်ပတ်သက်၍ စစ်ဆေးရေးလုပ်ငန်းများဆောင်ရွက်နေသည့် ဌာနဆိုင်ရာဝန်ထမ်းများကို အစစ်ဆေးမခံဘဲ ဟန့်တားနှောင့်ယှက်ခဲ့သူ နှစ်ဦးကို အမှုဖွင့်အရေးယူထားကြောင်း ယနေ့ဧပြီ ၁ ရက်တွင် ရဲတပ်ဖွဲ့ထံမှ သိရသည်။
မတ်၃၀ ရက် မွန်းလွဲ၁နာရီမိနစ် ၂၀ တွင် ပြင်ဦးလွင်ခရိုင်၊မိုးကုတ်မြို့နယ်၊ကျောက်ဖြူရပ်ကွက်၊မိုးကုတ်-မန္တလေးကားလမ်း၌ မန္တလေးမှ မိုးကုတ်မြို့ဘက်သို့ မောင်းနှင်လာသည့် မော်တော်ယာဉ်ကို ကိုရိုနာဗိုင်းရပ်စ်ရောဂါကာကွယ်ထိန်းချုပ်ရေးပူးပေါင်းအဖွဲ့ ဝင်များက စစ်ဆေးခဲ့သည်။
ထိုသို့စစ်ဆေးစဉ် ယာဉ်ပေါ်ပါ ဦးဇော်လွင်နှင့် ဒေါ်ဝါဝါ တို့ နှစ်ဦးက အစစ်ဆေးမခံဘဲ အပြန်အလှန် စကားများ ဆဲဆိုကာ ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင် တစ်ဦးကို ကိုယ်ထိလက်ရောက်ကျူးလွန်ခဲ့သောကြောင့် အရေးယူပေးရန် မတ် ၃၁ ရက် ညနေ ၆ နာရီတွင် အမှုဖွင့်တိုင်ကြားခဲ့သည်။
ကျပ်ပြင်နယ်မြေရဲစခန်းက(ပ)၇၁/၂၀၂၀၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၂၉၄/၃၅၃ အရ အမှုဖွင့်အရေးယူထားသည်။

















