မန္တလေးဗဟို အကျဉ်းထောင်၌ ဧည့်တွေ့ချိန်နှင့် ဧည့်တွေ့သူ ဦးရေလျှော့ချ၊ နှာခေါင်းစည်းများ ထောင်အတွင်း ချုပ်နေ

မန္တလေးဗဟို အကျဉ်းထောင်၌ ဧည့်တွေ့ချိန်နှင့် ဧည့်တွေ့သူ ဦးရေလျှော့ချ၊ နှာခေါင်းစည်းများ ထောင်အတွင်း ချုပ်နေ

မန္တလေးဗဟိုအကျဉ်းထောင်(အိုးဘို)၌ ထောင်ဝင်စာတွေ့သည့် ဧည့်တွေ့ချိန်နှင့် ဧည့်တွေ့သူဦးရေကို ပုံမှန်ထက် လျှော့ချထားပြီး အကျဉ်းသားများအတွက် နှာခေါင်းစည်းများ ထောင်အတွင်း၌ ချုပ်နေရာ ၄၀၀၀ ကျော် ချုပ်ပြီးကြောင်း မန္တလေးဗဟိုအကျဉ်းထောင် တာဝန်ခံအရာရှိ ဒုတိယ ညွှန်ကြားရေးမှူး ဦးမျိုးဌေးက ပြောသည်။

ယခင်က တစ်ပတ်လျှင် ၂ ကြိမ် တွေ့ဆုံခွင့်ပေးခဲ့ရာက ယခု တစ်ကြိမ်သာ ဧည့်တွေ့ဆုံခွင့်ပြုခဲ့ပြီး ယခင်က အကျဉ်းသားတစ်ဦးလျှင် ပြင်ပ ဧည့်သည် သုံးဦးနှင့် တွေ့ဆုံခွင့်ပေးခဲ့ရာက ယခု တစ်ဦးသာ ခွင့်ပြုခြင်းဖြင့် အကျဉ်းသားများနှင့် ပြင်ပတွေ့ရှိမှုကို COVID-19 ကာကွယ် ထိန်းချုပ်ရေးအတွက် လျှော့ချလိုက်ခြင်းဖြစ်သည်။

“ပြင်ပနဲ့ အကျဉ်းသားတွေ့ရှိမှု လျော့ကျရေးကြိုတင်ကာကွယ်မှုအဖြစ် ပြင်ပနဲ့ ထိတွေ့မှုကို လျှော့ချချင်လို့ပါ။ အရင် တစ်ရက် ၁၀၀၀ လောက် တွေ့ဆုံရာက ခုဆိုရင် ၃၀၀ လောက်ပဲရှိလို့ ကာကွယ်မှုထိရောက်စေတယ်။ နှာခေါင်းစည်းဝယ်ရတာ ခက်ခဲတော့ ထောင်တွင်းက စက်တွေနဲ့ အကျဉ်းသား တစ်သောင်းကျော်အတွက် ချုပ်နေ တာ ၄၀၀၀ ကျော်ပြီးသွားပြီ”ဟု ၎င်းကပြောသည်။

ယင်းလုပ်ငန်းများကို မတ် ၁၆ ရက်မှ စတင်ဆောင်ရွက်နေပြီး ဧည့်သည်တွေ့ဆောင်များတွင် နေ့စဉ် ပိုးသတ် ဆေးပက်ဖျန်း၍ ထောင်အတွင်းတွင် ၃ ရက် တစ်ကြိမ် ပိုးသတ်ဆေးဖျန်းခြင်း၊ အကျဉ်းသားများ တစ်ရက် ၅ ကြိမ်ထက်မနည်းလက်ဆေးနိုင်ရန် ပိုးသတ်ဆပ်ပြာနှင့် လက်ဆေးကန်များ ထားရှိခြင်း၊ ကိုယ်ကာယ လေ့ကျင့်ခန်းနှင့် နံနက် ၉ နာရီခွဲတွင် နေပူစာလှုံစေခြင်းတို့ကို ဆောင်ရွက်ပေးနေကြောင်း သိရသည်။

“ကျွန်တော်တို့ဆီမှာ သံသယလူနာလည်း လုံးဝမရှိဘူး။ အကျဉ်းသားတွေကို အဝတ်တွေ နေ့စဉ်လျှော်ဖွပ်စေတယ်။ ရေနွေးနဲ့ ဆားရည် ပလုပ်ကျင်းတာနဲ့ ဂျင်းပြုတ်ရေ တိုက်တယ်။ အကျဉ်းထောင် လူသစ်ဝင်ရင် သေချာစစ်တယ်။ ဖျားနာတာ၊အပူချိန် ကျော်နေရင် ဘယ်သူမှ ဝင်ခွင့် မပြုဘူး။ ဝန်ထမ်းတွေ ဖျားနာရင်လည်း အနားပေးတယ်”ဟု ဆက်လက်ပြောကြားသည်။

လက်ရှိတွင် အကျဉ်းသားများသာမက ဝန်ထမ်းများအားလုံး ဖျားနာမှုမရှိ ကျန်းမာရေးကောင်းမွန်ပြီး ဝန်ထမ်းများ တာဝန်ထမ်းဆောင်ချိန်နှင့် ထောင်အတွင်းတံခါးမှ ဝင်ရောက်ပါက နှာခေါင်းစည်း ဝတ်ဆင်ခြင်း၊ လက်ဆေးစေခြင်း ၊အပူချိန်တိုင်းတာခြင်းအပြင် မဝင်ရောက်မီ ၎င်းတို့ခန္ဓာကိုယ်ကို ပိုးသတ်ဆေးဖျန်းခြင်းနှင့် ဖိနပ်များလည်း ဆေးရည်စိမ်ပြီးမှ အသုံးပြုစေခြင်းတို့ ဆောင်ရွက်နေကြောင်း သိရသည်။

 



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး