ကော့သောင်းမြို့၌ မြေသယ်ကားပေါ်သို့ မြေတူးစက် တင်ဆောင်ကာ မောင်းနှင်ခဲ့ခြင်းကြောင့်ဖုန်းကြိုးနှင့် တိုင်များ လဲကျပြီး ကျပ်သိန်း ၅၀ ဖိုးဆုံးရှုံးခဲ့မှု ဧပြီ ၂ ရက်ယနေ့ ဖြစ်ပွားခဲ့သည်။
ယနေ့နံနက် ၃ နာရီ အချိန်ခန့် တွင် ကော့သောင်းမြို့ ပိတောက်ရွှေဝါရပ်ကွက် ၊မြရည်ပုလဲလမ်း၌ ယာဉ်မတော်တဆမှုကြောင့် တယ်လီဖုန်းကြိုးများ ပြတ်ကျကာ ၊ ဖုန်းတိုင်များလဲပြီး လမ်းပိတ်ဆို့နေကြောင်း သတင်းအရ ယာဉ်ထိန်းရဲတပ်ဖွဲ့ စု (၇၅) ဒုရဲအုပ်ကျော်သန်းဝင်းနှင့် အဖွဲ့က သွားရောက်စစ်ဆေးခဲ့သည်။
အဆိုပါနေရာတွင် ယာဉ်မောင်းကိုထက်မောင်းနှင်သည့် FORLAND မြေသယ်ယာဉ်သည် မြေတူးစက်အား တင်ဆောင်လျက် အဝိုင်းပတ်မှ ရွှေဇင်ယော်ရပ်ကွက် ဘက်သို့ မြရည်ပုလဲလမ်းအတိုင်းမောင်းလာစဉ် အခင်းဖြစ်နေရာသို့အရောက် တယ်လီဖုန်းကြိုးများနှင့် ချိတ်မိကာ ဖုန်းတိုင်များ ကျိုး၍ လဲကျခဲ့သည်။
အဆိုပါ ဖြစ်စဉ်အတွင်း တယ်လီဖုန်းတိုင် ငါးတိုင်နှင့် ကြိုးများ စုစုပေါင်း ကျပ်သိန်း ၅၀ ဖိုးခန့် ဆုံးရှုံးခဲ့သည်။
ကော့သောင်းမြို့မရဲစခန်းက ယာဉ် (ပ)၂၂/၂၀၂၀ ၊ရာဇသတ်ကြီးပုဒ်မ ၂၇၉ အရအမှုဖွင့်ထားသည်။

















