ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပွားချိန်မှာ နိုင်ငံအလိုက် လိုအပ်တဲ့အရာတွေ

ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပွားချိန်မှာ နိုင်ငံအလိုက် လိုအပ်တဲ့အရာတွေ

ကမ္ဘာအနှံ့ဖြစ်ပွားနေတဲ့ ကိုရိုနာဗိုင်းရပ်စ်ကြောင့် နိုင်ငံတွေမှာ ဘာတွေက မရှိမဖြစ်လိုအပ်ပြီး ဘယ်အရာတွေကတော့ အသက်ရှင်သန်ရပ်တည်ဖို့အတွက် မလိုအပ်ပေမဲ့ အဲဒီအရာတွေမရှိရင် မဖြစ်ဘူးဆိုတာကို ပေါ်လွင်စေပါတယ်။

ဗိုင်းရပ်စ်ပြန့်ပွားမှု နှေးကွေးအောင် ကြိုးစားနေဆဲဖြစ်လို့ နေရာဌာန အသီးသီးက အာဏာပိုင်တွေက ဘယ်လိုဆိုင်တွေနဲ့ ဝန်ဆောင်မှုတွေကို ဆက်လက်ဖွင့်ထားနိုင်တယ်ဆိုတာ စဉ်းစားဆုံးဖြတ်နေပါတယ်။ ပြည်သူတွေကို နေအိမ်မှာပဲနေထိုင်ကြဖို့လည်း ကန့်သတ်နေပါတယ်။ နေအိမ်မှာ နေထိုင်ဖို့ ညွှန်ကြားချက်တွေကလည်း ကမ္ဘာ့လူဦးရေရဲ့ ငါးပုံတစ်ပုံကျော်မှာ အကျိုးသက်ရောက်နေပါတယ်။

အာရှ၊ ဥရောပ၊ အာဖရိက၊ အမေရိကန်ပြည်ထောင်စု စတဲ့ဘယ်နိုင်ငံပဲဖြစ်ဖြစ် ယေဘုယျသဘောတူညီချက်ကတော့ ကျန်းမာရေးဝန်ထမ်းတွေ၊ တရားဥပဒေစိုးမိုးရေးဝန်ထမ်းတွေ၊ ရေ မီး လျှပ်စစ်ဝန်ဆောင်မှုဝန်ထမ်းတွေ၊ အစားအစာထုတ်လုပ်ရေးနဲ့ ဆက်သွယ်ရေးတွေကို ပိတ်ပင်ခြင်းကနေ ကင်းလွတ်ခွင့်ပေးထားပါတယ်။

ဒါပေမဲ့ တချို့ကင်းလွတ်ခွင့်ပြုထားတဲ့ အရာတွေက အဲဒီနို်င်ငံရဲ့သွင်ပြင်လက္ခဏာကို ထင်ဟပ်စေပါတယ်။ အမေရိကန်ပြည်ထောင်စုက တချို့သောပြည်နယ်တွေမှာ ဂေါက်ကွင်း၊ သေနတ်နဲ့ ဆေးခြောက်တွေကို မရှိမဖြစ်လို့ ဖော်ပြထားတာက အံ့အားသင့်စရာဖြစ်စေပါတယ်။

နေရာအတော်များများမှာတော့ အရက်ကို မရှိမဖြစ်ဆိုတဲ့ စာရင်းထဲ ထည့်ထားပါတယ်။ ဗြိတိန်နိုင်ငံက အရက်ရောင်းချတဲ့ စတိုးဆိုင်တွေကို ဖွင့်ဖို့ခွင့်ပြုထားတဲ့ စာရင်းကနေ အစတုန်းကတော့ ဖယ်ထားပေမဲ့ စူပါမားကက်တွေမှာ ဘီယာ၊ ဝိုင်နဲ့ အရက်တွေ ကုန်ပြီဆိုတဲ့အစီရင်ခံစာတွေရပြီးနောက်မှာ အစိုးရက ပြန်လည် ခွင့်ပြုခဲ့ပါတယ်။

အိန္ဒိယနဲ့ အမေရိကန်ပြည်ထောင်စု အပါအဝင် ကမ္ဘာ့နိုင်ငံတွေက သတင်းအချက်အလက်နည်းပညာကဏ္ဍကို မရှိမဖြစ်လို့ စာရင်းသွင်းထားပါတယ်။ မရေတွက်နိုင်တဲ့လူတွေက သူတို့ရဲ့နေအိမ် တွေမှာ နေကြရတော့ အချင်းချင်းဆက်သွယ်ဖို့၊ ဇာတ်ကားတွေ ကြည့်ဖို့၊ ဂိမ်းဆော့ဖို့အတွက် အင်တာနက်အပေါ် ကမ္ဘာကြီးရဲ့ မှီခိုအားထားမှုက ပိုမိုထင်ရှားလာပါတယ်။

ကွန်နက်တီကတ်အုပ်ချုပ်ရေးမှူး နက်ဒ်လာမွန့်တ်က မရှိမဖြစ် လိုအပ်တဲ့ စီးပွားရေးလုပ်ငန်းများစာရင်းမှာ သေနတ်ဆိုင်တွေကို ထည့်သွင်းထားတာဟာ သေနတ်နဲ့အကြမ်းဖက်ခံရတဲ့ မိသားစုတွေကြားမှာ ထိတ်လန့်ချောက်ချားမှုဖြစ်ကြရပါတယ်။ တက္ကဆက်က ရှေ့နေချုပ် ကန်ပက်စ်တန်က သူ့ပြည်နယ်မှာ အရေးပေါ်အခြေအနေအမိန့်က သေနတ် ရောင်းချမှုကို မကန့်သတ်နိုင်ဘူးလို့ သူ့ရဲ့ ဥပဒေအမြင်ကို ပြောကြားပါတယ်။ လူ့အဖွဲ့အစည်းကြီး ပျက်ပြားသွားရင် ကိုယ့်ကိုယ်ကို ကာကွယ်ရမှာ အရင်ဦးဆုံးဖြစ်ပြီး ကိုယ့်ရဲ့လုံခြုံမှုက သိပ်ကို အရေးကြီးတယ်လို့ ပြောပါတယ်။ ပင်ဆယ်ဗေးနီးယား အုပ်ချုပ်ရေးမှူးတွမ်ဝုဖ်ကလည်း သေနတ်ဆိုင်တွေပြန်လည်ဖွင့်လှစ်ဖို့ ခွင့်ပြုခဲ့ပေမဲ့ ကန့်သတ်ထားတဲ့ အချိန်အတွင်းမှာပဲ ကြိုတင်ချိန်းဆိုထားပြီး ဝယ်ယူနိုင်မှာဖြစ်ပါတယ်။

ဥရောပမှာဆိုရင် လောလောဆယ်ရောဂါရဲ့ဗဟိုချက်ဖြစ်တဲ့ အီတလီမှာ အစားအသောက်ဆိုင်နဲ့ ဆေးဆိုင်တွေလိုမျိုး မရှိမဖြစ်လိုအပ်တဲ့ စီးပွားရေး လုပ်ငန်းတွေကိုပဲ ဖွင့်ထားပါတယ်။ကုန်ထုတ်လုပ်မှုကဏ္ဍတွေကို ပိတ်ပစ်ဖို့ မတ် ၂၆ ရက်က အမိန့်ထုတ်ပြန်ခဲ့ပေမဲ့ ဆေးဘက်ဆိုင်ရာ ထောက်ပံ့ရေးပစ္စည်းလိုမျိုး လိုအပ်တဲ့ ပစ္စည်းတွေကိုတော့ အလုပ်သမားတွေရဲ့ ဘေးအန္တရယ်ကင်းရှင်းမှုကို ဆောင်ရွက်ပြီးတဲ့အခါ ဆက်လက်လုပ် ကိုင်ခွင့်ပေးထားပါတယ်။

ပြင်သစ်မှာတော့ ဂျုံနဲ့ပြုလုပ်ထားတဲ့မုန့်၊ ဝိုင်နဲ့ ဒိန်ခဲတွေအထူးပြု ရောင်းချတဲ့ စျေးဆိုင်တွေကို မရှိမဖြစ်လိုအပ်တဲ့ လုပ်ငန်းတွေအဖြစ် ကြေညာခဲ့ပါတယ်။တရုတ်နိုင်ငံမှာ ဇန်နဝါရီလနှောင်းပိုင်းကစပြီး စီးပွားရေးလုပ်ငန်း အတော်များများနဲ့ အများပြည်သူအသုံးပြုတဲ့နေရာတွေကို ပိတ်ထားပေမဲ့ ဆေးရုံ၊ စူပါမားကက်နဲ့ ဆေးဆိုင်တွေကိုတော့ ဖွင့်လှစ်ထားပါတယ်။ အခုတော့ ကွန်မြူနစ်ပါတီက ရောဂါဖြစ်ပွားမှုကို အနိုင်ရပြီလို့ ကြေညာပြီးတဲ့နောက် စီးပွားရေးပြန်လည်ထူထောင်ဖို့ ကန့်သတ်ချက်တွေကို လျှော့ချနေပါပြီ။ (အေပီ)

နွယ်နွယ်ယဉ် ဘာသာပြန်သည်။