ဧရာဝတီတိုင်းဒေသကြီး လေးမျက်နှာမြို့နယ်ရှိ Quarantine Centre တစ်ခုတွင် ၁၄ ရက်ကြာ ကျန်းမာရေး စောင့်ကြည့်ခံရသည့် တရုတ်နိုင်ငံမှ ပြန်လာသူ အမျိုးသား ထွက်ပြေးခဲ့သဖြင့်သက်ဆိုင်ရာက ပြန်လည်ဖမ်းဆီးကာ တရားရုံးသို့ တရားစွဲဆိုတင်ပို့ခဲ့ပြီး ထောင်ဒဏ် ၃ လကျခံစေရန် ဧပြီ ၂ ရက်က အမိန့်ချမှတ်ခံရကြောင်း သိရသည်။
မတ် ၁၇ ရက်တွင် တရုတ်နိုင်ငံမှ မြန်မာနိုင်ငံသို့ ပြန်ရောက်လာပြီး Covid 19 ရောဂါ ကာကွယ်ရေးအတွက် လေးမျက်နှာမြို့၌ ဖွင့်ထားသည့် Quarantine Centre သုံးခုမှ လှော်ကထား အ.ထ.က Facility Quarantine တွင် မတ် ၂၈ ရက်မှ စတင်ထားရှိခဲ့ကာ ငါးရက်ကြာ နေထိုင်ပြီးနောက် ၎င်းနေထိုင်သည့် ကွင်းကြီးကျေးရွာအုပ်စု၊ ဇီးဖြူကွင်းရွာရှိ ၎င်း၏ နေအိမ်သို့ ထွက်ပြေးခဲ့ခြင်းဖြစ်သည်။
'' အသက် ၄၅ နှစ်အရွယ် အမျိုးသားပါ။ သူထွက်ပြေးသွားလို့ သူ့ကို ပြန်ပြီး Quarantine နေဖို့ ပူးပေါင်းတာဝန်ရှိသူတွေက သွားပြီးညှိနှိုင်းတာကို လုပ်ချင်တာလုပ် ပြန်မလာဘူးလို့ ပြောဆို ကလန်ကဆန်လုပ်နေတာကြောင့် ရဲတပ်ဖွဲ့နဲ့ တာဝန်ရှိတဲ့သူတွေက ဖမ်းဆီးပြီး လေးမျက်နှာမြို့နယ်တရားရုံးမှာ တရားစွဲဆိုခဲ့တာပါ" ဟု လေးမျက်နှာမြို့နယ် အမှတ် ၁ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးစိုးခိုင်က ပြောသည်။
အဆိုပါမျိုးသားအား လေးမျက်နှာမြို့နယ်တရားရုံးသို့ ကူးစက်ရောဂါများ ကာကွယ်နှိမ်နင်းရေးဥပဒေပုဒ်မ ၁၈ ဖြင့် ဧပြီ ၂ ရက်တွင် တရားစွဲဆိုတင်ပို့ခဲ့ရာ တရားရုံးက ထောင်ဒဏ် ၃ လ အမိန့်ချမှတ်ခဲ့ပြီး ဟင်္သာတ အကျဉ်းထောင်ကို ပို့ဆောင် ခဲ့ကြောင်းသိရသည်။
ထို့ အပြင် စစ်ကိုင်းတိုင်းဒေသကြီး ပုလဲမြို့နယ်တွင် စောင့်ကြည့်ခံရသူ အမျိုးသားက ကြီးကြပ်သူနှင့်အဖွဲ့ကို ထန်းရည်မူးကာ ရန်ပြုခဲ့သောကြောင့် မတ် ၃၁ ရက်တွင် ပုလဲမြို့နယ်တရားရုံးက သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေ ပုဒ်မ ၃၀(က)အရ အလုပ်နှင့် ထောင်ဒဏ်(၆)လကျခံရန် ပုလဲမြို့နယ်တရားရုံးမှ အမိန့်ချခဲ့ပြီး စောင့်ကြည့် ၁၄ ရက် လွန်မြောက်ပါက အကျဉ်းထောင်သို့ ပို့ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

















