မန္တလေး-မြစ်ကြီးနား အဲယားကွန်းလေအိတ်ရထားအမှတ် ၃၁/၃၂ ယနေ့မှစ၍ ယာယီ ရပ်နား

မန္တလေး-မြစ်ကြီးနား အဲယားကွန်းလေအိတ်ရထားအမှတ် ၃၁/၃၂ ယနေ့မှစ၍ ယာယီ ရပ်နား

COVID-19 နှင့် ပတ်သက်၍ ပြင်ပသွားလာမှုလျှော့ချရန် ကျန်းမာရေးဆိုင်ရာ လမ်းညွန်ချက်ကြောင့် ခရီးသွား နည်းပါးနေသဖြင့် မတ်၂၁ ရက်က စတင်ပြေးဆွဲသည့် မန္တလေး-မြစ်ကြီးနား အဲယားကွန်း လေအိတ်ရထားအမှတ် ၃၁/၃၂ ပြေးဆွဲမှုကို ယနေ့ ဧပြီ ၃ ရက်မှစ၍ ယာယီရပ်ဆိုင်းလိုက်ကြောင်း လက်ထောက်အထွေထွေမန်နေဂျာ(သွား/လာ) ရထားတိုင်းအမှတ်(၃)(မန္တလေး)မှ ဦးစံသာအောင်ကပြောသည်။

မြစ်ကြီးနားသို့ အခြား အထူးအမြန်ရထားများဖြစ်သော အမှတ် ၅၅/၅၆ ၊အမှတ် ၅၇/၅၈ ၊၃၃/၃၄ နှင့် နဘား ရထား (ရိုးရိုးအမြန်)အမှတ် ၄၇/၄၈ ရထားများဆက်လက်ပြေးဆွဲမှာဖြစ်ပြီး သင်္ကြန်ရက်တွင် နှစ်စဉ် ရပ်နားသော ရထားများကို ဧပြီ ၁၃ ရက်မှ ၁၆ ထိ ရပ်နားသွားမည်ဖြစ်သည်။

“အဓိကခရီးသည်သွား မရှိသလောက်ဖြစ်နေလို့ ရပ်နားလိုက်တာပါ။ရထားတွဲဆိုင်းတွေမှာ ခရီးသည် ဘယ် လောက်မှ မပါဘူး။ မန္တလေး-မြစ်ကြီးနား အဲယားကွန်းလေအိတ်ရထား ၃၁/၃၂ ကို ဒီနေ့ ဧပြီ ၃ ရက်ကစပြီး ရပ်နားပါတယ်။ ၃၁-အဆန် ရထားက မထွက်တော့ဘဲ မြစ်ကြီးနားရောက်နေတဲ့ အစုန် ၃၂ ရထားကို ပြန်ခေါ်လိုက်တာဖြစ်လို့ ဒီနေ့ မန္တလေးကို ဆင်းလာပြီ။နောက်ရက် မထွက်တော့ဘူး”ဟု ၎င်းကပြောသည်။

အလားတူ ပြီးခဲ့သည့် ရက်ပိုင်းက မန္တလေးဘူတာကြီးမှထွက်ခွာပြေးဆွဲ သည့် ပျဉ်းမနားရထားအမှတ်၂၅/၂၆ ။ပုဂံရထားအမှတ် ၁၁၉/၁၂၀ ၊ မုံရွာရထားအမှတ် ၁၂၃/၁၂၄ ၊ကောလင်းရထားအမှတ် ၅၃/၅၄ ခရီးစဉ်များကို ဖျက်သိမ်းလိုက်ပြီးနောက် မြစ်ကြီးနား အဲယားကွန်းလေအိတ် ရထားအမှတ် ၃၁/၃၂ ကိုလည်း ရပ်ဆိုင်းခဲ့ပြီး လားရှိုးရထားအမှတ် ၁၃၁/၁၃၂ ကိုလည်း တစ်ရက်ခြားပြေးဆွဲပေးနေကြောင်းသိရသည်။

“ရပ်နားလိုက်တဲ့ ရထားတွေ ဘယ်နေ့ ပြန်လည် ပြေးဆွဲမယ်ဆိုတာ မပြောနိုင်သေးဘူး။ကျန်းရေးဌာန လမ်းညွန် ချက်မှာ မလိုအပ်ဘဲ ခရီးမသွားကြဖို့နဲ့ အတတ်နိုင်ဆုံးအိမ်မှာနေကြဖို့ ဖြစ်တော့ ခရီးသွားမရှိတော့ဘူး။ သင်္ကြန်နဲ့ ပတ်သက်တဲ့ ရထားခရီးစဉ်ရပ်နားမှုကတော့ ဧပြီ ၁၃ရက်မှ ၁၆ ရက်ထိ ပုံမှန်လုပ်မှာဖြစ်သလို သင်္ကြန်ရထားပြေး ဆွဲမှုလည်း စီစဉ်မှာပါ”ဟုဆက်လက်ပြောကြားသည်။

အဆိုပါ အဲယားကွန်းလေအိတ်ရထား ၃၁/၃၂ သည် မြန်မာနိုင်ငံတွင် ပထမဆုံးအဲယား ကွန်းရထားဖြစ်၍ မတ် ၂၁ ရက်နေ့က စတင်ပြေးဆွဲခဲ့ပြီးနောက် ခရီးသွားနည်းပါးလွန်းသဖြင် ယခုကဲ့သို့ ယာယီရပ်နားလိုက်ကြောင်း၊ မန္တလေးဘူတာမှ ရန်ကုန်၊မြစ်ကြီးနား၊ပျဉ်းမနား၊လားရှိုး၊ကောလင်း၊ပုဂံ၊မုံရွာ၊ မတ္တရာရထား ခရီးစဉ်များ ပြေးဆွဲ လျက်ရှိရာ ပုံမှန်အခြေအနေတွင် နေ့စဉ်ခရီးသည် ၅၀၀၀ ခန့်ရှိကြောင်းသိရသည်။

 



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး