ဟနွိုင်း - ဗီယက်နမ်နိုင်ငံသည် COVID-19 ပြန့်ပွားမှုကို ထိန်းချုပ်ရန် ဧပြီ ၁ ရက်ည သန်းခေါင်မှစ၍ အနည်းဆုံး ရက်သတ္တပတ်နှစ်ပတ် လော့ခ်ဒေါင်းပြုလုပ်မည်ဖြစ်သည်။ လူနှစ်ဦးထက်ပိုကာ စုဝေးခြင်းမပြုလုပ်ရဘဲမရှိမဖြစ်လိုအပ်သည့် ဝန်ဆောင်မှုများနှင့် ကုန်ထုတ်လုပ်မှုများမှအပ စီးပွားရေးလုပ်ငန်းများကို ပိတ်ထားရမည်ဟု ဝန်ကြီးချုပ်ငုရင်ရှောင်ဖက်၏ မတ် ၃၁ ရက်ထုတ်ပြန်ချက်တွင်ပါရှိသည်။
အင်ဒိုနီးရှား - သံတမန်များနှင့် တိုင်းပြည်တွင်နေထိုင်ခွင့် ပါမစ်ရရှိထားသူများအပ နိုင်ငံခြားမှဝင်ရောက်သူများကို ယာယီပိတ်ထားမည်ဖြစ်ကာ နိုင်ငံခြားတွင် အလုပ်လုပ်ကိုင်နေသည့် အင်ဒိုနီးရှားနိုင်ငံသား တစ်သန်းကျော်ကို နေရပ်သို့ ပြန်လည် ခေါ်ဆောင်ရန် စီစဉ်ထားသည်။
တောင်ကိုရီးယား - ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားမှုကြောင့် စာသင်နှစ်များ နှောင့်နှေးကြန့်ကြာသွားခဲ့သည့်အတွက် ကောလိပ်ဝင်ခွင့်စာမေးပွဲကို မူလကျင်းပသည့်အချိန်ထက် နှစ်ပတ်နောက်ဆုတ်ကာ ဒီဇင်ဘာ ၃ ရက်သို့ ရွှေ့ပြောင်းထားသည်။
ဒိန်းမတ် - အကယ်၍ ကိုရိုနာဗိုင်းရပ်စ်ဆက်လက်ဖြစ်ပွားမှုမရှိပါက လာမည့်လတွင်ကန့်သတ်ချက်အချို့ကို စတင်ရုတ်သိမ်းသွား နိုင်ဖွယ်ရှိသည်ဟု ဒိန်းမတ် ဝန်ကြီးချုပ် မတ်တီဖရက်ဒရစ်ဆန်က ပြောကြားသည်။
မော်စကို - မတ် ၃၁ ရက် တစ်နေ့တည်း တွင် အတည်ပြုထားသည့် ရောဂါဖြစ်ပွားသူ ၅ဝဝ ရှိရာရောဂါစတင်ဖြစ်ပွားသည့်အချိန်မှစကာ အမြင့်ဆုံးအရေအတွက် ဖြစ်ပြီး စုစုပေါင်း ရောဂါဖြစ်ပွားသူ ၂,၃၃၇ ဦးရှိပြီဖြစ်သည်။ မြို့တော်မော်စကိုကို မတ်လ ၃ဝ ရက်မှစတင်ကာ လော့ခ်ဒေါင်းပြုလုပ်ထားပြီဖြစ်သည်။
ဘယ်လ်ဂျီယံ - ကိုရိုနာဗိုင်းရပ်စ်ကြောင့် အသက် ၁၂ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးသေဆုံးသွားကြောင်း ဘယ်လ်ဂျီယံအာဏာပိုင်များက ပြောကြားခဲ့ရာ နိုင်ငံအတွင်းရောဂါဖြစ်ပွားသူ ၇ဝဝ ကျော်အနက်ယခုအချိန်ထိ အသက်အငယ်ဆုံး သေဆုံးမှုဖြစ်သည်။
လန်ဒန် - လန်ဒန်မြို့တောင်ဘက်မှ အသက် ၁၃ နှစ်အရွယ် ယောကျာ်းလေးတစ်ဦးသည် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရပြီးနောက် သေဆုံးသွားရာ ယူကေတွင် ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသည့် အသက်အငယ်ဆုံးသူ ဖြစ်သည်ဟု ယူဆရသည်။ (အေပီ)

















